လာလီဂါပြိုင်ပွဲအား အမေရိက၌ကျင်းပမည့်အစီအစဉ်ကို မက်ဆီအပါအဝင် အသင်းခေါင်းဆောင်များ ကန့်ကွက်မည်

လာလီဂါပြိုင်ပွဲအား အမေရိက၌ကျင်းပမည့်အစီအစဉ်ကို မက်ဆီအပါအဝင် အသင်းခေါင်းဆောင်များ ကန့်ကွက်မည်
Published 23 August 2018

သြဂုတ် ၁၈ ရက်က ရာသီအဖွင့်ပွဲ၌ ဂိုးသွင်းယူပြီးနောက် မက်ဆီ အောင်ပွဲခံနေစဉ် (Photo: AFP)

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီအပါအဝင် လာလီဂါကလပ်အသင်း ၂၀ ၏ အသင်းခေါင်းဆောင်များသည် လာလီဂါပြိုင်ပွဲအား အမေရိက၌သွားရောက် ကျင်းပမည့်အစီအစဉ်ကို စုပေါင်းလက်မှတ်ရေးထိုး၍ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လာလီဂါနှင့် ဆီဂန်ဒါ (ဒုတိယတန်း) ပြိုင်ပွဲများအား ကျင်းပနေသည့် စပိန် ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် (LFP) သည် အမေရိကန်အခြေစိုက် Relevant ကုမ္ပဏီနှင့် ပူးပေါင်း၍ လာလီဂါမြောက်အမေရိကအဖွဲ့အား ဖွဲ့စည်းတည်ထောင်ထားပြီး တစ်ရာသီလျှင် လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန် (သို့မဟုတ်) ကနေဒါ နိုင်ငံ၌ သွားရောက်ကျင်းပရန် သဘောတူညီမှုရရှိထားသည်။

Relevant သည် အားကစားနှင့် ဖျော်ဖြေရေးကုမ္ပဏီဖြစ်ပြီး ရာသီကြို International Champions Cup (ICC) ပြိုင်ပွဲအား မြောက်အမေရိက၌ ဦးဆောင်ကျင်းပလျက်ရှိသည်။ LFP နှင့် Relevant သည် ၁၅ နှစ် စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရထားပြီး ပွဲကျင်းပမည့်ရက်စွဲ၊ အချိန်နှင့် ကစားမည့်ပွဲစဉ်တို့ကို အတည်မပြုရသေးသော်လည်း ယခုရာသီမှာပင် စတင်နိုင်ဖွယ်ရှိကြောင်း စပိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။ သို့သော် စပိန်ဘောလုံးသမားများအဖွဲ့ (AFE) က ယင်းအစီအစဉ်ကို ကန့်ကွက်ကြောင်း ကြေညာထားပြီး LFP အနေဖြင့် မိမိတို့နှင့် ဆွေးနွေးတိုင်ပင် ခြင်းမရှိကြောင်း ဝေဖန်ထားသည်။ စပိန်အခြေစိုက် AS သတင်းစာ၏ဖော်ပြချက်အရ မက်ဆီ (ဘာစီလိုနာ)၊ ရာမို့စ် (ရီးယဲလ်)၊ ဂိုဒင် (အက်သလက်တီကို) တို့ပါဝင်သည့် ကလပ်အသင်း ၂၀ ၏ အသင်းခေါင်းဆောင်များသည် သြဂုတ် ၂၂ ရက်က AFE ရုံးချုပ်၌တွေ့ဆုံဆွေးနွေး၍ ယင်းအစီအစဉ်အား ကန့်ကွက်ကြောင်း စုပေါင်း  လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

 

LFP ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ အော်စကာမာယိုကမူ ယခုအစီအစဉ်မှာ မြောက်အမေရိကအတွက်သာမက လာလီဂါပြိုင်ပွဲနှင့် ကလပ်အသင်းများအတွက်ပါ အကျိုးရှိကြောင်း သုံးသပ်ပြောကြားထားသည်။

Most Read

Most Recent