အဝေးကွင်းမှာ ရုန်းကန်ရတော့မယ့် ဘင်ဖီကာ

အဝေးကွင်းမှာ ရုန်းကန်ရတော့မယ့် ဘင်ဖီကာ
Published 22 August 2018

Photo: Twitter

■ဘင်ဖီကာ ၁-၁ PAOK

အင်္ဂါညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် Play-offs ပွဲစဉ်မှာတော့ ဘင်ဖီကာအသင်းဟာ အိမ်ကွင်းမှာ PAOK အသင်းကို အနိုင်ကစားနိုင်ခြင်းမရှိဘဲ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ဒုတိယအကျော့ PAOK အသင်းရဲ့ ကွင်းမှာ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

ပေါ်တူဂီနာမည်ကြီးကလပ် ဘင်ဖီကာအသင်းဟာ (၄-၃-၃)နဲ့ ပွဲထွက်လာခဲ့ပြီး ပယ်ရဲရား၊ ဆာဗီ၊ ပစ်ဇီ စတဲ့ ကစားသမားတွေနဲ့ လူစုံခဲ့ပါတယ်။

ဂရိကလပ် PAOK အသင်းကတော့ (၄-၂-၃-၁)ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ရှေ့တန်းမှာ ပရီဂျိုဗစ်ကို အထောင်ထားကာ ပယ်လ်ကက်စ်၊ ဂျာဘာ၊ လင်နော့စ်တို့နဲ့ လူစုံခဲ့ပါတယ်။

အိမ်ရှင် ဘင်ဖီကာအသင်းဟာ ပွဲအစပိုင်းကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားသွားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ အထူးသဖြင့် ညာတောင်ပံမှာ ကစားခဲ့တဲ့ ပစ်ဇီဟာ ခြေပေါ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ပစ်ဇီရဲ့ အပိုင်ပိတ်သွင်းချက်တစ်လုံး ဂိုးဘေးကပ်ထွက်ခဲ့သလို ဧရိယာအပြင် ကန်ချက်ဟာလည်း တိုင်ထိထွက်ခဲ့လို့ ဘင်ဖီကာတို့ နစ်နာခဲ့ပါတယ်။

ဒါပေမဲ့ ပထမပိုင်း ပြီးဆုံးခါနီးမှာ ဖိကစားနေတဲ့ ဘင်ဖီကာတို့ ဦးဆောင်ဂိုး စရခဲ့ပါတယ်။ ပွဲချိန် (၄၅)မိနစ်မှာ ပယ်နယ်တီကနေ ပစ်ဇီက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘင်ဖီကာတို့ အနိုင်ရလဒ်ကို ထိန်းကစားဖို့ ကြိုးစားခဲ့တာကြောင့် PAOK တို့ အခွင့်အရေးတွေ ပိုမိုရရှိခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် (၇၆)မိနစ်မှာ ပြစ်ဒဏ်ဘောကနေ ဗာရီလာရဲ့ ခေါင်းတိုက်ချက် တိုင်ထိပြီး ပြန်ထွက်လာတာကို လူစားဝင်ကစားသမား ဝါဒါက ပယ်နယ်တီဧရိယာထဲကနေ အပိုင်ကန်သွင်းယူခဲ့လို့ PAOK တို့ ချေပဂိုး ရခဲ့ပါတယ်။

ချေပဂိုးပေးလိုက်ရပြီးနောက်မှာ ဘင်ဖီကာတို့ဟာ ဆီဖာရိုဗစ်၊ ဖီလစ်စတဲ့ တိုက်စစ်ကစားသမားတွေကို ထည့်သွင်းပြီး ဦးဆောင်ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သေချာထိန်းကစားနေတဲ့ PAOK အသင်းကို မကျော်နိုင်တာကြောင့် (၁-၁)ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပြီး ဒုတိယအကျော့ အဝေးကွင်းမှာ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

 

■ ယနေ့ယှဉ်ပြိုင်သည့် ပွဲစဉ် ရလဒ်များ

ချန်ပီယံလိဂ် Play-offs(ပ-ကျော့)ပွဲစဉ်
----------------------------------------
ဇဗက်ဒါ ဝ-၀ ဆာလ်ဇ်ဘာ့ဂ်
BATE ၂-၃ PSV
ဘင်ဖီကာ ၁-၁ PAOK

လိဂ်ချန်ပီယံရှစ် ပွဲစဉ် (၄)
----------------------------
ဒါဘီ ၂-၀ အစ်ဝစ်ချ်
QPR ဝ-၃ ဘရစ္စတိုးလ်
ရော့သာဟမ် ၂-၃ ဟားလ်စီးတီး
ဆွမ်ဆီး ၂-၂ လိဒ်

Most Read

Most Recent