PGA Championship ပြိုင်ပွဲတွင် ဘရွတ်ကပ်ကာ ဗိုလ်စွဲခဲ့ပြီး နာမည်ကြီး တိုက်ဂါးဝုဒ် ဒုတိယနေရာရရှိ

PGA Championship ပြိုင်ပွဲတွင် ဘရွတ်ကပ်ကာ ဗိုလ်စွဲခဲ့ပြီး နာမည်ကြီး တိုက်ဂါးဝုဒ် ဒုတိယနေရာရရှိ
Published 13 August 2018

ဂေါက်သီးရာသီ၏ နောက်ဆုံးဂရင်းစလင်းပြိုင်ပွဲဖြစ်သည့် ရာပြည့် PGA Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန်ဂေါက်သီးသမား ဘရွတ်ကပ်ကာက အနိုင်ရဗိုလ်စွဲခဲ့ပြီး နာမည်ကြီးဂေါက်သီးသမား တိုက်ဂါးဝုဒ်မှာ ဒုတိယနေရာရရှိခဲ့ကြောင်း သိရသည်။

တတိယနေ့အပြီးတွင် (၂)ချက်အသာဖြင့် ဦးဆောင်ခဲ့သူ (၂၈)နှစ်အရွယ်ရှိ ကပ်ကာမှာ နောက်ဆုံးနေ့တွင် (၄)ချက်လျှော့ရိုက်ကာ စုစုပေါင်း၌ (၂၆၄)ချက်(၁၆ ချက်လျော့)ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ကပ်ကာ၏ စုစုပေါင်းရိုက်ချက် (၂၆၄)ချက်မှာ PGA Championship ပြိုင်ပွဲသမိုင်းတစ်လျှောက် အနည်းဆုံးရိုက်ချက်အဖြစ်လည်း စံချိန်သစ်တင်ရှိခဲ့သည်။

US Open ပြိုင်ပွဲတွင် နောက်ဆုံး(၂)ဆက်ဗိုလ်စွဲထားခဲ့သည့် ကပ်ကာအနေဖြင့် ဂေါက်သီးသမားသက်တမ်းတစ်လျှောက် တတိယမြောက်ဂရင်းစလင်းဆုဖလားကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့ပြင် ကပ်ကာသည် ၂၀၀၀ ပြည့်နှစ်တွင် တိုက်ဂါးဝုဒ် US Open နှင့် PGA Championship ပြိုင်ပွဲ (၂)ပွဲဆက်ဗိုလ်စွဲခဲ့ပြီးနောက် ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် ပထမဆုံးဂေါက်သီးသမားလည်း ဖြစ်ခဲ့သည်။

ဂရင်းစလင်းဆုဖလား (၁၄)ကြိမ်ဆုရှင် တိုက်ဂါးဝုဒ်မှာ ၂၀၀၈ နောက်ပိုင်း ပထမဆုံးဂရင်းစလင်းဖလားနှင့် အနီးစပ်ဆုံးဖြစ်ခဲ့သော်လည်း (၂)ချက်အကွာဖြင့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

တိုက်ဂါးဝုဒ်အနေဖြင့် သြဂုတ် ၁၂ ရက်က (၆၄)ချက်ရိုက်ခဲ့ခြင်းမှာ သူ၏ဂရင်းစလင်းပြိုင်ပွဲများတွင် အကောင်းဆုံးနောက်ဆုံးနေ့ရိုက်ချက်လည်းဖြစ်ခဲ့သည်။

ပြိုင်ပွဲတစ်ခုလုံးတွင် ဆုကြေးပေါင်း ဒေါ်လာ(၁၁)သန်း ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံ ကပ်ကာက ဒေါ်လာ(၁.၉၈)သန်းနှင့် ဒုတိယရသူ တိုက်ဂါးဝုဒ်က ဒေါ်လာ(၁.၁၈၈)သန်း ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲအပြီး ရပ်တည်မှု

ဘရွတ်ကပ်ကာ (၂၆၄)ချက်
တိုက်ဂါးဝုဒ် (၂၆၆)ချက်
အဒမ်စကော့ (၂၆၇)ချက်
စတီးဝပ်ဆင့် (၂၆၉)ချက်
ဂျွန်ရမ်း (၂၆၉)ချက်

Photos : AFP

 

 

Most Read

Most Recent