ထမ့်လွမ် လိုဏ်ဂူအတွင်းမှ ပြန်လည်လွတ်မြောက်လာသည့် ထိုင်းကလေးငယ်များအား ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်ရှုရန် ဖီဖာဥက္ကဋ္ဌ ကမ်းလှမ်းခဲ့သော်လည်း ဆရာဝန်များပယ်ချ

ထမ့်လွမ် လိုဏ်ဂူအတွင်းမှ ပြန်လည်လွတ်မြောက်လာသည့် ထိုင်းကလေးငယ်များအား ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်ရှုရန် ဖီဖာဥက္ကဋ္ဌ ကမ်းလှမ်းခဲ့သော်လည်း ဆရာဝန်များပယ်ချ
Published 12 July 2018

 

Photos: NewIndianExpress,FIFA,Dawn

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုသည် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်ရှိ ထမ့်လွမ်လိုဏ်ဂူအတွင်း ပိတ်မိနေခဲ့ရာမှ ပြန်လည်လွတ်မြောက်လာသည့် ထိုင်းကလေးငယ်များအား ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်ရှုရန် ကမ်းလှမ်းခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ၎င်းကလေးငယ် (၁၂)ဦးနှင့် နည်းပြဖြစ်သူမှာ နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များ၏ ကြိုးစားအားထုတ်မှုကြောင့် လိုဏ်ဂူအတွင်းမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဇွန်လ(၂၃)ရက် နေ့ကတည်းက လိုဏ်ဂူအတွင်းဝင်ရောက်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိတ်မိနေခဲ့ပြီး ပြီးခဲ့သည့်ဇူလိုင်(၁၀)ရက်နေ့တွင် အားလုံးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

လာမည့်ဇူလိုင်(၁၅)ရက်နေ့(တနင်္ဂနေ့)တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ လုဇ်နီကီကွင်း၌ကစားမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ယင်းကလေးငယ်များ တက်ရောက်ကြည့်ရှုနိုင်ခြင်းရှိ၊ မရှိ အင်ဖန်တီနိုက ထိုင်းဘောလုံး တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်ပြီး ယင်းကလေးငယ်များ၏ ကျန်းမာရေးအခြေအနေကိုတာဝန်ယူထားသော ဆရာဝန်များက ယင်းကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြကြောင်း သိရှိရသည်။ ပြီးခဲ့သည့်သောကြာနေ့က အင်ဖန်တီနိုသည် ထိုင်းဘောလုံးအဖွဲ့ချုပ်ထံ စာရေးသားပေးပို့ကာ ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းကလေးငယ်များအနေဖြင့် လိုဏ်ဂူအတွင်းမှ ထွက်ခွာလာစဖြစ်၍ ကြံ့ခိုင်မှုအခြေအနေ လျော့နည်းနေရာ ရုရှားနိုင်ငံသို့ ယင်းနေ့အမီ အချိန်မီလာရောက်ကြည့်ရှုရန် မဖြစ်နိုင်ဟု ယင်းဆရာဝန်များက မှတ်ချက် ပြုခဲ့ကြောင်း သိရှိရသည်။

၎င်းတို့အနေဖြင့် ကျန်းမာရေးအခြေအနေကောင်းမွန်သော်လည်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန်အတွက် ဆေးရုံတွင် ရက်အနည်းငယ်နေထိုင်ရမည်ဖြစ်ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး သောင်ချိုင်းလက်ဝီလိုင်ရာတာနာပေါင်က ပြောကြားခဲ့သည်။ ၎င်းက "သူတို့ အခုချိန်မှာ ရုရှားကိုသွားဖို့ မဖြစ်နိုင်သေးပါဘူး။ သူတို့ ဆေးရုံမှာ ရက်အနည်းငယ် နေထိုင်ကုသရပါဦးမယ်။ ဒီဗိုလ်လုပွဲကို သူတို့ ရုပ်သံကပဲ အားပေးကြမှာပါ" ဟု ပြောကြားခဲ့သည်။

၎င်းကလေးငယ်များအတွက် ကမ္ဘာတစ်ဝှမ်းရှိ ကလပ်အသင်းများနှင့် နာမည်ကြီးနည်းပြများ၊ ကစားသမားများက လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဝိုင်းဝန်းဆုတောင်းမှုများပြုလုပ်ခဲ့ကြပြီး ကလေးငယ်များ ပြန်လည် တွေ့ရှိရာတွင်လည်း ဝမ်းမြောက်ကြောင်း ကြေညာခဲ့ကြသည်။ မန်ယူအသင်းကလည်း ၎င်းတို့၏ Facebook တွင် လာမည့်ဘောလုံး ရာသီ၌ ယင်းထိုင်းကလေးငယ်များကို ပရီးမီးယားလိဂ်ပွဲစဉ်ကြည့်ရှုရန် အိုးလ်ထရက်ဖို့ဒ် ကွင်းသို့ ဖိတ်ကြားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Most Read

Most Recent