<

ပြိုင်ပွဲဝင်အသင်းများမိတ်ဆက်

ဘရာဇီးလ်

သမိုင်းကြောင်း

ဘရာဇီးလ်က ကမ္ဘာ့ဖလားပြိုင်ပွဲဆိုသည်နှင့် တွဲမြင်နေအောင် စွမ်းဆောင်ထားနိုင်သည့်အသင်းဖြစ် သည်။ ချန်ပီယံဆုဖလားကို (၅)ကြိမ်ရယူပြီး ပြိုင်ပွဲ၏အအောင်မြင်ဆုံးအသင်းအဖြစ်လည်း ရပ်တည်နေသည်။ ကျင်းပခဲ့ပြီးသမျှ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို မလွတ်တမ်းယှဉ်ပြိုင်ထားနိုင်သည့် တစ်သင်းတည်းသောအသင်းလည်း ဖြစ်သည်။ နောက်ဆုံးပြိုင်ပွဲ(၆)ကြိမ်တွင် အနိမ့်ဆုံးကွာတားဖိုင်နယ်အဆင့်သို့ ပုံမှန်တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဆု (၂)ကြိမ်ရယူထားခြင်းကြောင့် လတ်တလောဖြတ်သန်းမှုအစဉ်အလာတွင်ပင် ဘရာဇီးလ်အသင်းကို ယှဉ်နိုင်စွမ်းရှိ သည့်အသင်း အနည်းငယ်သာရှိပေလိမ့်မည်။ သို့သော် ယင်းမှတ်တမ်းများက ဘရာဇီးလ်အသင်းအား ဖိအားတစ်ခုအ ဖြစ် သက်ရောက်မှုရှိနေပြီး ပြိုင်ပွဲတိုင်းတွင် အောင်မြင်မှုရယူနိုင်ရန် တောင်းဆိုခြင်းခံနေရသည်။ မည်သည့်ပြိုင်ဘက် အသင်းနှင့် ဘရာဇီးလ်အသင်း ဆုဖလားအပြိုင်လုရမည်လဲဆိုသည်ကိုသာ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြသည့် အနေအထားဟုလည်း ဆိုနိုင်သည်။

လက်ရှိအခြေအနေ

တစ်ဖက်တွင် အောင်မြင်မှုမှတ်တမ်းကောင်းများရှိနေသည့်နည်းတူ အခြားတစ်ဖက်တွင် ဆုဖလားနှင့် ဝေးကွာနေသည်မှာ ပြိုင်ပွဲ(၃)ကြိမ်တိုင်ရှိသွားခဲ့ပြီဟူသော အခြေအနေကလည်း ပရိသတ်များအတွက် အလိုမကျ စရာအဖြစ် ရှိနေခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိပါလျက်နှင့် ဆီမီးဖိုင်နယ် အထိသာ ရောက်ရှိခဲ့ခြင်းကြောင့်လည်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲဆင်နွှဲရာတွင်လည်း အစောပိုင်း၌ ရုန်းကန်ခဲ့ရသည်။ ထို့ကြောင့် နည်းပြ ဒွန်ဂါ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး ကိုရင်သီယန်နည်းပြ ထိထီ အစားထိုးဝင်ရောက်လာခဲ့သည်။ ထိထီသည် ယခင်နည်းပြများကဲ့သို့ ထင်ရှားကျော်ကြားသူတစ်ဦး မဟုတ်ခဲ့သော်လည်း ဘရာဇီးလ်အသင်းကို အ ကောင်းဆုံးဦးဆောင်မှု ပေးနိုင်ခဲ့သည်။ ဒွန်ဂါလက်ထက် ယိမ်းယိုင်ခဲ့သည့် ဘရာဇီးလ်အသင်းကို ချက်ချင်းပြန်လည် တည့်မတ်ပေးနိုင်ခဲ့ပြီး နိုင်ပွဲများဆက်တိုက်ရယူကာ ခြေစစ်ပွဲပြီးဆုံးရန် (၄)ပွဲအလိုတွင်ပင် ကမ္ဘာ့ဖလားဝင်ခွင့်လက် မှတ်ကို ရယူပေးနိုင်ခဲ့သည်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံးခြေစစ်ပွဲအောင်အသင်းအဖြစ်လည်း မှတ်တမ်းဝင် ခဲ့သည်။ ကစားသမားအရင်းအမြစ် ပေါ<ကယ်ဝသည့် ဘရာဇီးလ်အသင်းကို ဦးဆောင်ရခြင်းဖြစ်သည့်အတွက် ထိထီ အနေဖြင့် လူမှန်နေရာမှန် ရွေးချယ်နိုင်ရန်သာ အရေးကြီးခဲ့သော်လည်း တိုက်စစ်ပိုင်းအတွက်တော့ ခေါင်းခဲခဲ့ရသည်။ နေမာကလွဲလျှင် ကျန်တိုက်စစ်မှူးများက ထိပ်တန်းအဆင့်တွင် ရှိမနေခြင်းကြောင့်လည်းဖြစ်သည်။ သို့သော် လူငယ် ကစားသမား ဂျေးဆူ တောက်ပလာခဲ့သလို၊ လက်ရှိအချိန်၌ လီဗာပူးလ်တိုက်စစ်မှူး ဖေမီနိုကလည်း ကလပ်အသင်း တွင် ခြေစွမ်းပြကာ တိုက်စစ်တစ်နေရာကို စိန်ခေါ်နေပြီဖြစ်သည်။ နားလည်မှုပြည့်ဝသည့်အသင်းဖြစ်စေရန် ရည်ရွယ် တည်ဆောက်ခဲ့သည့်ထိထီက ကမ္ဘာ့ဖလားအတွက်အမာခံလူစာရင်းကိုလည်း စောစီးစွာ ရွေးချယ်ခဲ့သည်။

အုပ်စုသုံးသပ်ချက်

ဘရာဇီးလ်အသင်းက ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန် ဒုတိယရေပန်းအစားဆုံး အသင်းဖြစ်ပြီး အုပ်စုတွင်းတွင် ရင်ဆိုင်ရမည့်အသင်းများက ဆွစ်ဇာလန်၊ ကော်စတာရီကာ၊ ဆားဘီးယား စသည့် ချန်ပီယံဆုကို မျှော်လင့်နိုင်စွမ်းမရှိ သော အသင်းများသာဖြစ်နေသည်။ ထို့ကြောင့် ဘရာဇီးလ်အသင်းအတွက် အုပ်စုအဆင့်တွင် ခြေချော်လက်ချော် ဖြစ်နိုင်စရာအကြောင်းမရှိဘဲ အုပ်စုပထမနေရာကို လွယ်လွယ်ကူကူ ရယူသွားနိုင်သည့်အခြေအနေ ရှိနေသည်။ အုပ်စုဒုတိယဖြစ်သွားခဲ့ပါက ရေပန်းအစားဆုံး ဂျာမနီအသင်းနှင့် စောစောစီးစီး ဆုံတွေ့သွားရနိုင်သည့် ပွဲစဉ် လမ်းကြောင်း အနေအထားကြောင့်လည်း ဘရာဇီးလ်အသင်း အုပ်စုဗိုလ်နေရာကို လက်လွတ်ခံဖွယ်မရှိပေ။ အုပ်စု တွင်း ရာနှုန်းပြည့်နိုင်ပွဲကိုပင် ဘရာဇီးလ်အသင်း ရယူသွားနိုင်သည်။

May 6, 2018














Copy Protected by Chetan's WP-Copyprotect.