အာဆင်နယ်ကွင်းလယ်လူ ဝဲလ်ရှိုင်းယားကို တန်းတက်ဝုလ်ဗ်အသင်း ခေါ်ယူရန် ချိန်ရွယ်နေ

အာဆင်နယ်ကွင်းလယ်လူ ဝဲလ်ရှိုင်းယားကို တန်းတက်ဝုလ်ဗ်အသင်း ခေါ်ယူရန် ချိန်ရွယ်နေ
Published 19 April 2018

Photo: Getty Images

လာမည့်ရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိထားသည့် ဝုလ်ဗ်အသင်းသည် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေသည့် အင်္ဂလန်ကွင်းလယ်လူ ဝဲလ်ရှိုင်းယားကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရှိရသည်။

ဝဲလ်ရှိုင်းယားသည် ဒဏ်ရာပြဿနာများနှင့် မကြာခဏရင်ဆိုင်နေရသူဖြစ်သော်လည်း လက်ရှိအချိန်တွင် အာဆင်နယ်အသင်း၌ ခြေစွမ်းပြလျက်ရှိသည်။

ထို့ကြောင့် အာဆင်နယ်အသင်းကလည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေပြီး နည်းပြ အာစင်ဝင်းဂါးက သက်တမ်းတိုးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားထားသည်။

သို့သော် အာဆင်နယ်အသင်းသည် ဝဲလ်ရှိုင်းယား(၂၆ နှစ်)ကို စာချုပ်သစ်အတွက် ကမ်းလှမ်းရာ၌ လက်ရှိလစာနှုန်းထားအောက် (၂၅%)လျှော့ချပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သည့်အတွက် ဝဲလ်ရှိုင်းယား၏ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေကြောင်း သိရှိရသည်။

ဝဲလ်ရှိုင်းယားသည် လက်ရှိအချိန်တွင် တစ်ပတ်ပေါင်(၁၂၀၀၀၀)ရရှိနေသူဖြစ်ပြီး ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခွင့်ရရှိမည့် ဝဲလ်ရှိုင်းယားကို ခေါ်ယူလိုသည့်အသင်းများစွာရှိနေပြီး ဂျူဗင်တပ်စ်၊ အေစီမီလန်၊ အဲဗာတန်၊ ဝက်စ်ဟမ်းအသင်းတို့က တစ်ပတ်ပေါင်(၁၂၀၀၀၀)ထက် ပိုပေးရန်ပင် အသင့်ရှိနေကြသည်။

ဝုလ်ဗ်အသင်းကလည်း လာမည့်ရာသီပရီးမီးယားလိဂ်တွင် ထိပ်ဆုံး(၁၀)သင်းစာရင်းဝင်ရန် ပစ်မှတ်ထားပြီး ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်သည့်အတွက် ဝဲလ်ရှိုင်းယား၏အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent