နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် စီရော်နယ်လ်ဒို တတိယနေရာရောက်လာ

နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် စီရော်နယ်လ်ဒို တတိယနေရာရောက်လာ
Published 25 March 2018

Photo: AFP

ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် မတ် ၂၃ ရက်က အီဂျစ်အသင်းနှင့်ကစားသည့် ခြေစမ်းပွဲ၌ နှစ်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် သမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုး အများဆုံးစာရင်းတွင် တတိယနေရာ ရောက်ရှိလာကြောင်း သိရသည်။

ယင်းပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ပြီး အီဂျစ်အသင်းက ၅၆ မိနစ်တွင် ဆာလာသွင်းယူသည့်ဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။

သို့သော် နာကျင်အချိန်ပို ၉၂ မိနစ်နှင့် ၉၄ မိနစ်တွင် ကွာရက်စ်မာ၏ ပေးပို့မှုမှတစ်ဆင့် စီရော်နယ်လ်ဒိုက ချေပဂိုးနှင့် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့သည်။

ကွာရက်စ်မာ၏ ပြစ်ဒဏ်ဘောကန်တင်ပေးမှုမှတစ်ဆင့် အနိုင်ဂိုးအား စီရော်နယ်လ်ဒို ခေါင်းတိုက်သွင်းယူစဉ် လူကျွံနေကြောင်း သံသယရှိသဖြင့် VAR (ဗီဒီယိုအကူဒိုင်လူကြီး) စနစ်ဖြင့် ပြန်လည်ကြည့်ရှု စစ်ဆေးပြီးမှ ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် စီရော်နယ်လ်ဒို၏ သွင်းဂိုး စုစုပေါင်းမှာ ၈၁ ဂိုးရှိလာပြီး ဂျပန်တိုက်စစ် မှူးဟောင်း ကာမာမိုတို (၈၀ ဂိုး)ကို ကျော်ဖြတ်၍ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် တတိယနေရာ ရောက်လာခြင်းဖြစ်သည်။

၎င်း၏အထက်တွင် ၁၀၉ ဂိုး သွင်းယူထားသည့် အလီဒါယီ (အီရန်) နှင့် ၈၄ ဂိုးသွင်းယူထားသည့် ပွတ်ရှ်ကပ်စ် (ဟန်ဂေရီ) တို့နှစ်ဦးသာ ရပ်တည်လျက်ရှိသည်။

Most Read

Most Recent