ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ယူပြီး ဒုတိယနေရာရောက်လာတဲ့ လီဗာပူးလ်

ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ယူပြီး ဒုတိယနေရာရောက်လာတဲ့ လီဗာပူးလ်
Published 25 February 2018

 

ပရီးမီးယားလိဂ်ပွဲစဉ်(၂၈) စနေညပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ လီဗာပူးလ်က အန်ဖီးလ်မှာ ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ယူပြီး ဒုတိယနေရာ ရောက်လာပါတယ်။

လီဗာပူးလ်အသင်းဟာ တိုက်စစ်မှာ MSF သုံးဖော်၊ ကွင်းလယ်မှာ မီလ်နာ၊ ချိန်ဘာလိန်၊ အမ်မရီချန်၊ နောက်တန်းမှာ ရောဘတ်ဆန်၊ ဗန်ဒိုက်၊ မာတစ်၊ အာနိုးနဲ့ ဂိုးသမား ကာရီယက်စ်တို့ ပွဲထွက်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းလည်း တိုက်စစ်ပိုင်းမှာ လူပြန်စုံလာပြီး အာနော်တိုဗစ်၊ လန်ဇီနီတို့ ပွဲထွက်ခဲ့သလို၊ အန်တိုနီယို၊ ဟာနန်ဒက်ဇ်တို့လည်း လူစားဝင်ကစားခဲ့ပါတယ်။

လီဗာပူးလ်က MSF သုံးဖော်စလုံး ဂိုးတွေသွင်းနိုင်ခဲ့သလို၊ ကွင်းလယ်က အမ်မရီချန်၊ ချိန်ဘာလိန်တို့လည်း ခြေစွမ်းပြခဲ့ကြပါတယ်။ ဝက်စ်ဟမ်းကတော့ အချိန်အများစုမှာ လီဗာပူးလ်တိုက်စစ်ကို ခုခံကစားခဲ့ရပြီး ဆာလာ၊ မာနေတို့ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့လို့သာ အခုထက် ဂိုးမပြတ်ခဲ့တာပါ။

လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို အမ်မရီချန် (၂၉ မိနစ်)၊ ဆာလာ (၅၁ မိနစ်)၊ ဖေမီနို (၅၇ မိနစ်)နဲ့ မာနေ (၇၇)မိနစ်တို့ သွင်းယူခဲ့ပြီး ဝက်စ်ဟမ်းအသင်းအတွက် ချေပဂိုးကိုတော့ (၅၉)မိနစ်မှာ အန်တိုနီယိုက သွင်းယူခဲ့ပါတယ်။

ဂိုးပြတ်နိုင်ပွဲကြောင့် လီဗာပူးလ်အသင်းက ဒီရာသီမှာ မန်စီးတီးအသင်းပြီးရင် ပြိုင်ပွဲစုံမှာ ဂိုး(၁၀၀)အထက် သွင်းယူနိုင်တဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်အသင်းဖြစ်လာပါတယ်။

ဆာလာက ဒီပွဲမှာလည်း ဘယ်ခြေနဲ့ သွင်းယူခဲ့တာဖြစ်ပြီး ဘယ်ခြေသွင်းဂိုး ဂိုး(၂၀)ရှိလာခဲ့ကာ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ရာသီအတွင်း ဘယ်ခြေနဲ့ဂိုးအများဆုံးသွင်းသူ ဖြစ်နေပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့မှာ မန်ယူ - ချယ်လ်ဆီးတို့ မကစားခင် မန်ယူအသင်းကို တစ်မှတ်အသာနဲ့ ကျော်တက်ပြီး ဒုတိယနေရာ ရောက်လာခဲ့ပါတယ်။

အခြားပွဲတွေမှာ ဘရိုက်တန်က အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဟတ်ဒါဖီးလ်ကလည်း ဝက်စ်ဘရွန်းကွင်းမှာ အနိုင်ရခဲ့ပါတယ်။ လက်စတာ - စတုတ်စီးတီး၊ ဘုန်းမောက် - နယူးကာဆယ်၊ ဘန်လေ - ဆောက်သမ်တန်တို့ ပွဲတွေကတော့ သရေပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
လက်စတာ ၁-၁ စတုတ်စီးတီး
ဘုန်းမောက် ၂-၂ နယူးကာဆယ်
ဘရိုက်တန် ၄-၁ ဆွမ်ဆီး
ဘန်လေ ၁-၁ ဆောက်သမ်တန်
လီဗာပူးလ် ၄-၁ ဝက်စ်ဟမ်း
ဝက်စ်ဘရွန်း ၁-၂ ဟတ်ဒါဖီးလ်

■ လာလီဂါရလဒ်များ
ဆယ်လ်တာဗီဂို ၂-၀ အီဘာ
ရီးယဲလ်မက်ဒရစ် ၄-၀ အလာဗတ်စ်

■ ဘွန်ဒစ်လီဂါရလဒ်များ
ဘိုင်ယန်မြူးနစ် ဝ-၀ ဟာသာဘာလင်
ဟော်ဖန်ဟင်မ် ၁-၁ ဖရိုင်းဘတ်
ဟန်နိုဗာ ဝ-၁ မိုချန်ဂလာဘတ်
စတုဂတ် ၁-၀ ဖရန့်ဖတ်

Photo: AFP/Getty Images

Photo: Getty Images

Photo: PA

Photo: Reuters

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဘာမင်ဂမ် ဝ-၂ ဘန်စလေ
ဘာတန် ဝ-၁ မီဝေါလ်
လိဒ်စ် ၁-၀ ဘရန့်ဖို့ဒ်
နောဝစ်ချ် ဝ-၀ ဘော်လ်တန်
ပရက်စတန် ဝ-၁ အစ်ဝစ်ချ်
QPR ၂-၅ နော်တင်ဟမ်
ရက်ဒင်း ၃-၃ ဒါဘီ
ရှက်ဖီးဝင်းစ်ဒေး ၂-၄ အက်စတွန်ဗီလာ
ဆန်းဒါးလန်း ၃-၃ မစ်ဒယ်ဘရော့

Most Read

Most Recent