MNL ကလပ်အားလုံး ပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ် ပြည်တွင်းနည်းပြများဖြင့် ယှဉ်ပြိုင်

MNL ကလပ်အားလုံး ပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ် ပြည်တွင်းနည်းပြများဖြင့် ယှဉ်ပြိုင်
Published 15 January 2018

ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်း

၂၀၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ကလပ်အသင်းအားလုံးသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပြည်တွင်းနည်းပြများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။

ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း (ဓာတ်ပုံ - ညီညီစိုးညွန့်)

၂၀၁၈ MNL အမှတ်ပေးပြိုင်ပွဲယှဉ် ပြိုင်နေသည့် ကလပ်အသင်းအားလုံးနီးပါး ပြည်တွင်းနည်းပြအဖွဲ့ဝင်များဖြင့်သာ ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ဟံသာဝတီတစ်သင်းတည်းသာ နိုင်ငံခြားသားနည်းစနစ် ဒါရိုက်တာအဖြစ် ဆီဗာဂျီ (စင်ကာပူ) ကို ခေါ်ယူထားသည်။ MNL ကလပ်အသင်းများသည် လိဂ်ပြိုင်ပွဲစတင်သည့် ၂၀၀၉ ခုနှစ်ကတည်းက နိုင်ငံခြားသားနည်းပြ ခေါ်ယူအသုံးပြုသည့် အသင်းများရှိခဲ့ပြီး ယခုကဲ့သို့ ပြည်တွင်းနည်းပြ များဖြင့် ကလပ်အသင်းအားလုံး ယှဉ်ပြိုင်မှု မှာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ နိုင်ငံခြားသားနည်းပြများ ခေါ်ယူအသုံးပြုခဲ့သည့် ရန်ကုန်နှင့် ရတနာပုံအသင်းတို့မှာလည်း ပြည်တွင်းနည်းပြများဖြင့် ယှဉ်ပြိုင်လျက်ရှိပြီး နိုင်ငံခြားသားနည်းပြခေါ်ယူရန် ကြိုးပမ်းခဲ့သည့် Southern  အသင်းမှာလည်း ခေါ်ယူမှုအဆင်မပြေသောကြောင့် ပြည်တွင်းနည်းပြဖြစ်သည့် ဦးကျော်မင်းကိုသာ ကိုင်တွယ်စေမည်ဖြစ်သည်။ ၂၀၁၇ ရာသီကုန်တွင် MNL ကလပ်အသင်းအများစု ငွေကြေးသုံးစွဲမှု လျှော့ချခဲ့ပြီး MNL ကလပ်အသင်းများအနက် ရတနာပုံ၊ မကွေးနှင့် မြဝတီအသင်းတို့မှာ ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ရတနာပုံအသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပြည်တွင်း ကစားသမားများဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ရာသီအထိ နိုင်ငံခြားသားကစားသမား ခေါ်ယူအသုံးပြုခဲ့ကြောင်း သိရသည်။

MNL ပြိုင်ပွဲသမိုင်းတစ်လျှောက် ပြည်တွင်းနည်းပြကိုင်တွယ်သည့် အသင်းများအနက် နှစ်သင်းသာ ချန်ပီယံဆုရရှိဖူးပြီး ၂၀၁၄ ရာသီတွင် ဦးခင်မောင်တင့် (ရတနာပုံ)၊ ၂၀၁၇ ရာသီတွင် ဦးစိုးမြတ်မင်း (ရှမ်းယူနိုက်တက်) တို့ ဗိုလ်စွဲခဲ့သည်။ ယခုရာသီတွင် ပြည်တွင်းနည်းပြများဖြင့် ယှဉ်ပြိုင်နေသောကြောင့် ချန်ပီယံဆုရသည့် ပြည်တွင်းနည်းပြတစ်ဦး ထပ်မံထွက်ပေါ်လာဖွယ် ရှိနေသည်။

Most Read

Most Recent