မန်စီးတီးနှင့်ပွဲတွင် အဓိကကစားသမားအချို့ကို အနားပေးသင့်သည်ဟု နာပိုလီအသင်းပိုင်ရှင် အကြံပြု

မန်စီးတီးနှင့်ပွဲတွင် အဓိကကစားသမားအချို့ကို အနားပေးသင့်သည်ဟု နာပိုလီအသင်းပိုင်ရှင် အကြံပြု
Published 17 October 2017

Photo: Getty Images

နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တစ်က မန်စီးတီးနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပွဲတွင် အဓိကကစားသမားအချို့ကို အနားပေးသင့်သည်ဟု နည်းပြဆာရီကို အကြံပြုခဲ့ကြောင်း သိရှိရသည်။

နာပိုလီအသင်းသည် လက်ရှိအချိန်၌ စီးရီးအေတွင် ရာနှုန်းပြည့်နိုင်ပွဲဆက်ကာ ဦးဆောင်နေသည့်အသင်းဖြစ်ပြီး လာမည့်စနေနေ့တွင် ဒုတိယနေရာမှ အင်တာမီလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် စီးရီးအေချန်ပီယံဆု ရယူနိုင်ရန် မျှော်လင့်နေသော ဒီလော်ရန်တစ်က ယင်းပွဲအတွက် အမာခံကစားသမားအချို့ကို အနားပေးစေလိုခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒီလော်ရန်တစ်က "မန်စီးတီးနဲ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားသမားတချို့ကို အနားပေးသင့်တယ်လို့ ထင်ပါတယ်။ စီးရီးအေမှာ အနီးကပ်ဆုံးပြိုင်ဘက် အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့်ပွဲကလည်း အရေးကြီးပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် မဲခွဲပွဲအပြီးတွင် ဂွါဒီယိုလာက နာပိုလီအသင်းသည် လက်ရှိဥရောပတွင် အကောင်းဆုံး(၃)သင်းစာရင်း၌ ပါဝင်သည့်အသင်းတစ်သင်းဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ခြင်းကိုလည်း ဒီလော်ရန်တစ်က ဂွါဒီယိုလာအနေဖြင့် စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ခြင်းသာ ဖြစ်နိုင်သည်ဟု ဆိုခဲ့သည်။

"ဂွါဒီယိုလာ ချီးမွမ်းတယ်ဆိုတာ ကျွနေ်တာ်တို့ကစားသမားတွေကို အာရုံစူးစိုက်မှု ပျက်ပြားစေဖို့ပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ကို ကျွန်တော်တို့ အင်္ဂလန်မြေမှာ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့ကို နေပယ်လ်မှာ စောင့်နေမှာပါ" ဟုလည်း ဒီလော်ရန်တစ်က ပြောကြားခဲ့သည်။

နာပိုလီအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားပြီး မန်စီးတီးအသင်းက နှစ်ပွဲစလုံး အနိုင်ရထားကြောင်းလည်း သိရှိရသည်။

Most Read

Most Recent