ဖက်ဒရယ် အယူအဆနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများကြားတွင် ဆွေးနွေးပွဲများ ဆက်တိုက်လုပ်ဆောင်မည်

ဖက်ဒရယ် အယူအဆနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများကြားတွင် ဆွေးနွေးပွဲများ ဆက်တိုက်လုပ်ဆောင်မည်
Published 24 April 2018

ပြီးခဲ့သည့်ရက်ပိုင်းက မြိတ်မြို့တွင် ပြုလုပ်ခဲ့သော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲကို တွေ့ရစဉ်

ဖက်ဒရယ်အယူအဆနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများကြားတွင် ဆွေးနွေးပွဲများ ဆက်တိုက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသူများက ပြောကြားသည်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ပတ်သက်ပြီး မြိတ်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကာ အဆိုပါ ဆွေးနွေးပွဲတွင် ဖက်ဒရယ် အယူအဆနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အပိုင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ဟိုတုန်းကတော့ ဖက်ဒရယ်ဆိုတဲ့ စကားရပ်ကို ကျွန်တော်တို့က ပြောဖို့ အင်မတန်မှ ခက်ခဲနေတဲ့ အနေအထားကနေ ဖက်ဒရယ်နှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာနိုင်တယ်။ ဖက်ဒရယ်နှင့် ပတ်သက်တဲ့ သဘောထားတွေ၊ အယူဆတွေကို နိုင်ငံတကာ ပညာရှင်တွေက လာဆွေးနွေးတာရှိသလို ပြည်တွင်းမှာရှိတဲ့ ပညာရှင်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာတာရှိတယ်။ နောက်တစ်ခုက အားလုံးက လက်ခံတဲ့ ထာဝရငြိမ်းချမ်းရေးကြီး ရလာအောင် ဘယ်လိုတွေ အကောင်အထည်တွေ ဖော်လာနိုင်မလဲဆိုတဲ့ အတွေးအခေါ် အယူအဆ အကြံအစည်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာက ကျွန်တော်တို့အတွက် ကောင်းတဲ့ရလဒ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တို့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်တဲ့ အတွေးအခေါ် အယူအဆတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် ဆက်ပြီးတော့ လုပ်သွားဖို့ ရှိပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည် သမိုင်းတစ်လျှောက်မှာ ဖြစ်လာခဲ့တဲ့ ပဋိပက္ခတွေကို ဘယ်လိုကျော်လွှားပြီးတော့မှ ပြန်လည်သင့်မြတ်ပြီး အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်တဲ့ အနာဂတ်တစ်ရပ်ကို ဘယ်လိုဖန်တီးနိုင်မလဲဆိုတာ အရေးကြီးတဲ့ကိစ္စ တစ်ရပ်လို့ မြင်ပါတယ်။ ဒီလိုကိစ္စရပ်မျိုး ဖြစ်လာအောင် နိုင်ငံတော် အစိုးရကလည်း ကြိုးစားနေသလို အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ကြိုးစားနေတယ်။ ပဋိပက္ခထဲမှာ ပါဝင်ခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားနေတဲ့ အနေအထားမျိုးမှာ ရှိနေတဲ့အတွက် ရှေ့ဆက်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆက်ပြီးလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး စင်တာမှ ဦးကျော်လင်းဦးက ပြောကြားသည်။

တိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးခဲ့ကာ လက်တွေ့ အကောင်အထည်ဖော်မှုအပိုင်း အားနည်းနေသည်ကို ထောက်ပြခဲ့ကြကြောင်း သိရသည်။

“အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုတာက ပါးစပ်နဲ့ပြောလို့ မရပါဘူး။ လက်တွေ့ပါ ဆောင်ရွက်ရမယ်။ ပါးစပ်နဲ့ပြောမယ်။ စာအုပ်မှာရေးမယ်ဆိုတာ အဲဒါ မြုံနေတာပဲ။ ကျွန်တော်တို့ အမြုံမဖြစ်ခံချင်ဘူး။ ဒါကြောင့် ရှေ့ဆက်ပြီး လုပ်ဆောင်သွားမယ်။ ရင့်ကျက်မှု မရှိတာ ရှိတာ အသာထားပါ။ ဒါကို လုပ်ဆောင်နေရင်းနဲ့ ရင့်ကျက်မှုရှိလာမယ်။ အဲဒီတော့ ရှေ့ဆက်ပြီး သတ္တိတွေရှိကြဖို့၊ အင်အားတွေ စိုက်ထုတ်မွေးမြူကြဖို့ လိုတယ်လို့ ကျွန်တော်မြင်တယ်။ ကာလမြောက်မြားစွာ အမြစ်တွယ်လာတဲ့ ပဋိပက္ခနဲ့ ပြည်သူတွေ ခံစားနေလာခဲ့ရတဲ့ ဆိုးကျိုးတွေကို အခု ခဏလေးနဲ့ ပျောက်အောင်လုပ်ဖို့ မဖြစ်နိုင်သေးဘူး။ အမှန်တကယ် မျှော်လင့်ချက် ပန်းတိုင်နဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မူဝါဒကိုကိုက်ညီအောင် လုပ်ဆောင်နေမယ်။ အမှန်တကယ်လည်း လုပ်ဆောင်နေမယ်ဆိုရင် တစ်နေ့မှာ အဲဒီမျှော်လင့်ချက် ပန်းတိုင်ကို ရောက်သွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းရွှေမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းသော အနေအထားတစ်ခု ရရှိလာရန် အချိန်ယူရမည်ဖြစ်ပြီး အစိုးရပိုင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ ကြိုစားနေသလို အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့်လည်း ဆွေးနွေးပွဲများ ဆက်တိုက်လုပ်ဆောင်ကာ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။