တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးထားပြီး မြို့နယ်၊ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲများတွင် ဆင့်ပွားသင်တန်းပေးရန် ညွန်ကြားထား

တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးထားပြီး မြို့နယ်၊ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲများတွင် ဆင့်ပွားသင်တန်းပေးရန် ညွန်ကြားထား
Published 19 April 2018

အသစ်ပြန်လည် ရွေးချယ် ခန့်အပ်ထားသည့် တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင် ၁၅၀ ခန့်ကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးထားပြီး မြို့နယ်၊ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ဆင့်ပွား သင်တန်းများပေးရန် ညွှန်ကြားထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က The Daily Eleven သတင်းစာ ကို ပြောကြားသည်။

တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို ဧပြီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်၌ သင်ကြားခဲ့သည်။

“သင်တန်းဆင်း လက်မှတ်တွေ ပေးလိုက်တယ်။ ပေးပြီးတော့ အဲဒါကို ဆင့်ပွား သင်တန်းတွေပေးဖို့ ဆုံးဖြတ်တာပေါ့။ သူတို့ မြို့နယ်တွေ၊ ရပ်ကွက်တွေနဲ့ ရပ်ကျေးတွေနဲ့ ပြန်ပြီးတော့ သင်တန်းပေးဖို့ပေါ့။ နောက်ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ ရှိတဲ့နေရာမှာ အထူးကြပ်မတ် သင်တန်းပေးပြီးတော့ အောင်မြင်အောင် လုပ်ဖို့ ပြောထားပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

အဆိုပါ သင်တန်းဆင်းပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဆောင်ရွက်ခဲ့ကြသည့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖြင့် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား အသစ်ပြန်လည် ရွေးချယ် ခန့်အပ်ခဲ့ကြောင်း၊ ထိုသို့ ခန့်အပ်ရာတွင် ယခင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်ဟောင်းအချို့ ပါဝင်သော်လည်း အများစုမှာ အသစ်များဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ လုပ်ငန်းများ ဆောင်ရွက်ကြသည့်အခါ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းတာဝန်ပိုင်းဆိုင်ရာတို့ကို သိရှိစေရန် ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲများ ဆောင်ရွက်ရာတွင် လွတ်လပ်မျှတမှု၊ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ ရှိရန်လိုအပ်ကြောင်း၊ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရန် လိုအပ်ကြောင်း၊ ယုံကြည်မှုရှိရန်အတွက် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်း လမ်းညွှန်များကို ကျေကျေညက်ညက် သိရှိထားရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန်များကို စေ့စေ့စပ်စပ် သိရှိထားရန်လိုကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းများဖြစ်သည့် မဲစာရင်းပြုစုခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်း၊ မဲဆန္ဒရှင် အသိပညာပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲလုပ်ငန်းနှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မီဒီယာနှင့် မဲဆန္ဒရှင် ပြည်သူလူထုတို့နှင့် ထိတွေ့ဆက်ဆံ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မှာကြားခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြိုတင် ကြေညာပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။

လက်ရှိတွင် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများ ပြုစုလျက်ရှိပြီး မဲစာရင်း ကြေညာရာတွင် အိမ်ထောင်စုအလိုက် ထုတ်ပြန်ကြေညာဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်၌ ချင်းပြည်နယ် ကန်ပက်လက် မဲဆန္ဒနယ်၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ မဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော်၌ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) တို့တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျက် ရှိသည်။

ထို့ပြင် ပြည်နယ် လွှတ်တော်၌ ချင်းပြည်နယ် မတူပီမဲဆန္ဒနယ် အမှတ် (၁)၊ ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ် အမှတ် (၂)၊ တိုင်းဒေသကြီး လွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမဲဆန္ဒနယ် အမှတ် (၂)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မဲဆန္ဒနယ် အမှတ် (၁)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမဲဆန္ဒနယ် အမှတ် (၂)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျဉ်း မဲဆန္ဒနယ် အမှတ် (၁) နှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့မှာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေကြောင်း သိရသည်။