အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးအတွက် မြို့နယ်နှင့်တိုင်းအဆင့် ဌာနဆိုင်ရာများကို ငွေကြေးပေးရမည်ဆိုပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား

အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးအတွက် မြို့နယ်နှင့်တိုင်းအဆင့် ဌာနဆိုင်ရာများကို ငွေကြေးပေးရမည်ဆိုပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား
Published 4 April 2018

အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျား ကျေးရွာတွင် ကျေးရွာမီးလင်းရေးအတွက် မြို့နယ်နှင့်တိုင်းအဆင့် ဌာနဆိုင်ရာများကို ငွေကြေးပေးရမည်ဟုဆိုကာ အိမ်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအောင်ကျော်မြိုင်က ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အိမ်မဲမြို့နယ် တကောကျေးရွာ မီးလင်းရေးအတွက် ဘတ်ဂျက်ကျလာခဲ့သည့် ထရန်စဖော်မာမှာ တကောကျေးရွာတွင် လိုအပ်ခြင်းမရှိသဖြင့် ညောင်ကုန်းချောင်းဖျားကျေးရွာသို့ ဘတ်ဂျက်ခေါင်းစဉ် ပြောင်းလဲချထားခဲ့ကြောင်း၊ ယင်းကဲ့သို့ချထားပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ကျေးရွာသို့သွားရောက်ကာ ‘ကျေးရွာမီးလင်းရေးအတွက် လုပ်ဆောင်ပေးမည်၊ ဘတ်ဂျက်ခေါင်းစဉ် အပြောင်းအလဲကြောင့် လိုအပ်သည့် ကြိုးဖိုးများအား ကျေးရွာမှ ထည့်သွင်းပေးရမည်ဆိုကာ သိန်းသုံးရာခန့်ကုန်ကျမည်’ ဟုပြောဆိုခဲ့ကြောင်း၊ အဆိုပါ ပြောကြားချက်များကို ကျေးရွာဒေသခံများက အသံဖမ်းမှတ်တမ်းတင်ထားခဲ့ကြောင်း၊ ထို့နောက် ကျေးရွာမှ ကနဦးစုဆောင်းရရှိငွေ ကျပ်သိန်းတစ်ရာအား လာရောက်ယူဆောင်သွားခဲ့ကြောင်း၊ ကျေးရွာဒေသခံများက မီးလင်းရေးနှင့်ပတ်သက်၍ လိုက်လံစုံစမ်းရာတွင် ကျေးရွာသို့ချထားပေးသည့် ထရန်စဖော်နှင့် ကြိုးများမှာ နိုင်ငံတော်ဘတ်ဂျက်မှ အကုန်ကျခံ လုပ်ဆောင်ပေးခြင်းဖြစ်သည်ကို သိရှိရသောကြောင့် မြို့နယ် NLD ရုံးသို့ သွားရောက်တိုင်ကြားခဲ့ပြီး မကြာမီတွင် ဦးအောင်ကျော်မြိုင်က ကျေးရွာသို့လာရောက်၍ ၎င်းယူဆောင်သွားသည့် ကျပ်သိန်းတစ်ရာအနက် ကျပ်သိန်းကိုးဆယ်အား ပြန်လည်ပေးအပ်ခဲ့ပြီး ကျန်ရှိနေသည့် ကျပ် ၁၀ သိန်းအား လစာထုတ်မှယူရန်ပြောဆိုခဲ့ကြောင်း၊ အိမ်မဲမြို့ခံသတင်းထောက် ဦးသူရစိုးအား ဦးအောင်ကျော်မြိုင်က သတင်းမရေးရန်အတွက် ခေါ်ယူပြောဆိုခဲ့ပြီး ငွေကြေးပေးအပ်ရန် ညှိနှိုင်းမှုများကြောင့် ဦးသူရစိုးက အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကလည်း အလွတ်တန်း သတင်းထောက်အဖြစ် ရပ်တည်နေတော့ သတင်းတွေ ကြိုးကြားကြိုးကြားရေးတယ်ပေါ့။ ဒီလိုမျိုးညှိနှိုင်းမှုတွေဖြစ်လာတဲ့အခါ သတင်းသမားကို ပိုက်ဆံပေးပြီးတော့ လုပ်တယ်ဆိုမျိုးကို မခံချင်ဘူးပေါ့။ မခံချင်တော့ သတင်းတွေလည်းရေးတယ်၊ အဂတိလိုက်စားမှုကော်မရှင်ကို ကျွန်တော့်မှတ်ပုံတင်နံပါတ်နဲ့ပါပို့ပြီးတော့ ဒီကိစ္စကိုတိုင်ကြားတဲ့အဆင့်ထိ ပြုလုပ်ခဲ့တယ်ပေါ့” ဟု အိမ်မဲမြို့ခံသတင်းထောက် ဦးသူရစိုးက ပြောကြားသည်။

ကျေးရွာမီးလင်းရေးအတွက် ငွေကြေးတောင်းခံခဲ့မှုများနှင့် ပတ်သက်၍ မီးလင်းရေးကော်မတီ၏အတိုင်ပင်ခံ ဦးအောင်သိန်းဝင်းက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ငွေကြေးတောင်းခံခဲ့မှုများနှင့်ပတ်သက်၍ ယခုကဲ့သို့ပြောကြားသည်။

“မီးလင်းရေးကို သိန်းသုံးရာကုန်မယ်ဆိုပြီး သိသွားတဲ့အချိန်ကျတော့ ကိုအောင်ကျော်မြိုင်နဲ့အတူ NLD ရုံးက တစ်ယောက်ပါလာတယ်။ မီးယူမယ့်သူတွေကို ခေါ်ပြီးတော့ ဓမ္မာရုံမှာ အစည်းအဝေးလုပ်ကြတယ်။ ဦးအောင်ကျော်မြိုင်က အဲဒီမှာ မီးလင်းရေးအတွက်ကို ကျွန်တော်တို့ဆောင်ရွက်လာတဲ့အခါ တကောကျေးရွာကိုကျတဲ့ ထရန်စဖော်မာကို ခေါင်းပြောင်းပြီးတော့ ယူရမယ့်အတွက် ကုန်ကျမှုတွေရှိတယ်၊ ပေးရမယ်။ မီးကြိုးသွယ်ဖို့ရော ခေါင်းပြောင်းခရော သိန်း ၃၀၀ ခန့်ကုန်ကျမှာပဲဆိုတော့ အိမ်ခြေတစ်ရာရှိရင် တစ်အိမ်ထောင်ကို သုံးသိန်းပေါ့။ အဲဒီလိုမျိုး ပြောဆိုပြီးတော့ နောက်သုံးလေးရက်မှာ ကျွန်တော်တို့ ၂၁ ရက်နေ့ ၂ လပိုင်းမှာ ငွေကောက်ခံတယ်။ ကောက်ခံနေရင်းနဲ့ သူ့ကို သိန်းတစ်ရာပေးမယ့်အချိန်မှာ အားလုံးပေါင်း သိန်းတစ်ရာကျော်လောက် ကောက်ခံရရှိထားတယ်။ သူဘယ်ဌာနကို ဘယ်လိုငွေပေးရမယ်လို့ ပြောကြားထားတဲ့အသံကို ကျွန်တော် အသံဖမ်းသိမ်းဆည်းထားတာရှိပါတယ်။ သူက သိန်းတစ်ရာကို အဖော်တစ်ယောက်နဲ့ ကားနဲ့လာယူသွားတယ်။ သူက အခုလိုမီးရဖို့အတွက် မြို့နယ်ကိုရော တိုင်းကိုရော ပိုက်ဆံပေးရမယ်ဆိုပြီး တောင်းသွားတာ။ ဒီကိစ္စကို လိုက်စုံစမ်းတော့ အခုထရန်စဖော်မာကျတာက အစိုးရက သိန်း ၅၀၀ ဘတ်ဂျက်ကျထား ပေးပြီးသား။ ရွာက အကုန်ကျခံစရာမရှိဘူး ဆိုတာသိရတော့ ရွာထဲမှာက မကျေနပ်ကြဘဲ ပြဿနာတက်ကြရော။ ပြဿနာတက်တော့ ကျွန်တော်တို့က NLD ရုံးသွားပြောတာပေါ့။ နောက်ရက်ကျတော့ သူက ပိုက်ဆံသိန်းကိုးဆယ် ပြန်လာပေးတယ်။ ကျန်တဲ့ ၁၀ သိန်းကို လစာထုတ်မှယူပါဆိုပြီးပြောတယ်” ဟု ဦးအောင်သိန်းဝင်းက ပြောကြားသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်အား တွေ့ဆုံမေးမြန်းရာ “ငွေကြေးကောက်ခံမှုဆိုတာ လိုတာပဲလေ။ ကျလာတဲ့ဘတ်ဂျက်က အဲလဗင်းက ထောင့်တစ်ရာလေးရာ၊ ဗို့လိုင်းက ဒသမကိုးမိုင်။ အဲဒီအပေါ်မှာ ရွာထဲကို သူတို့ဆင်ချင်တဲ့အတိုင်းအတာကို ဆာဗေးဆင်းပြီးတိုင်းတာမှာ။ လေးရာဗို့လိုင်းက လိုတယ်၊ လိုတဲ့အပေါ်မှာ ပြည်သူက ထည့်ဝင်ရမှာပဲလေ။ မြို့နယ် EPC ကနေပြီးတော့ လိုအပ်ချက်ရှိတဲ့အပေါ် တွက်ချက်မှုအတိုင်းအတာ မသိရသေးပါဘူး။ ကျွန်တော်တို့ ပြည်သူကို ချထားစဉ်ကတည်းက ခန့်မှန်းခြေ သုံးရာလောက်ကုန်မယ် ပေးထားဖို့လိုမယ်ပေါ့။ မြို့နယ် EPC ကလည်း မတောင်းသေးဘူး။ သူတို့ကော်မတီပိုင်းကလည်း တက်ကြွနေတယ်။ ပထမသူတို့ရသရွေ့တော့စုတယ်။ ကျွန်တော့်ကို မြို့နယ်ကိုပေးဖို့ဆိုပြီးတော့ လှမ်းခေါ်တော့ သိန်းတစ်ရာသွားယူတယ်။ ယူပြီး မြို့နယ် EPC နဲ့ဆက်တော့ မြို့နယ် EPC ကမရှိဘူး ခရီးသွားနေတယ်။ နောက်ရက်ကျတော့ လွှတ်တော်ပြန်တက်ရမှာမို့ ပိုက်ဆံကို ကျွန်တော့်အိမ်မှာပဲထားခဲ့တယ်။ ပြန်သွားတော့လည်း မြို့နယ် EPC ကမရှိဘူး။ နေပြည်တော်သွားတယ်လို့ ကြားတယ်။ သူတို့ပေးထားတဲ့ သိန်းတစ်ရာကို ပြန်ပေးဖို့ ကော်မတီထဲမှာလည်း မကျေလည်သူတွေရှိလို့ အဲဒီရွာကို ပြန်ပေးလိုက်တယ်။ ပြန်ပေးတဲ့အချိန်မှာ ကိုးဆယ်ပဲလားဆိုတော့မဟုတ်ဘူး၊ တစ်ရာပေးခဲ့တယ်။ ပြန်ပေးခဲ့တာမှာ တစ်ပြိုင်တည်းပါသွားပေမယ့်လည်း ဆိုင်ကယ်ပုံးထဲမှာရော အိတ်ထဲမှာရော ဆွဲသွားတဲ့အတွက် ၁၀ သိန်းက ကျန်ရစ်ခဲ့တယ်။ ကျွန်တော်တောင် ၁၀ သိန်းက ဘယ်လိုကွာဟနေလဲလို့တွေးမိမှ ဆိုင်ကယ်ထဲမှာတွေ့ရတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနများအား မေးမြန်းစုံစမ်းခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ် ပြောကြားခဲ့သကဲ့သို့ ငွေကြောင်းတောင်းခံခြင်းများ မရှိခဲ့ကြောင်း ဖြေကြားထားသည်။