JMC အနေဖြင့် လက်တွေ့မြေပြင် ညှိနှိုင်းအကောင်အထည်ဖော်မှု ကဏ္ဍတွင် အားနည်းနေသည်ကို တွေ့ရကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ (၁) ပြောကြား

JMC အနေဖြင့် လက်တွေ့မြေပြင် ညှိနှိုင်းအကောင်အထည်ဖော်မှု ကဏ္ဍတွင် အားနည်းနေသည်ကို တွေ့ရကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ (၁) ပြောကြား
Published 22 March 2018

မတ် ၂၁ ရက်က ရန်ကုန်မြို့ NRPC ၌ JMC-U အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အနေဖြင့် လက်တွေ့မြေပြင် ညှိနှိုင်းအကောင်အထည်ဖော်မှုကဏ္ဍတွင် အားနည်းနေသည်ကို တွေ့ရကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ (၁) ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။

(၁၅) ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ မတ် ၂၁ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး အဖွင့်အမှာစကားပြောကြားရာတွင် ၎င်းက ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

“လက်ရှိ ကျွန်တော်တို့ JMC အကောင်အထည်ဖော်မှုတွေမှာ NCA ရဲ့အနှစ်သာရဖြစ်တဲ့ ညှိနှိုင်းအဖြေရှာခြင်းဆိုတာထက် နည်းပညာပိုင်းတွေမှာ ရှေ့ရောက်ပြီး လက်တွေ့မြေပြင်မှာ ညှိနှိုင်းအကောင်အထည်ဖော်ရမယ့်အပိုင်းတွေမှာ အားနည်းနေတာ တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို ပြည်ထောင်စုအဆင့် (JMC-U)၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် (JMC-S) နှင့် ဒေသအဆင့် (JMC-L) ဟူ၍ အဆင့်ဆင့်ဖွဲ့စည်းထားသည်။

“ကျွန်တော်တိုရဲ့ JMC အပစ်အခတ်တိုက်ခိုက်ရပ်စဲရေး လိုအပ်ချက်ထဲမှာ အဓိကကျတဲ့ စောင့်ကြည့်ခြင်း၊ စိစစ်အတည်ပြုခြင်း၊ ကျွန်တော်တို့ပြဿနာကို ဖြေရှင်းပေးခြင်း စတဲ့လုပ်ငန်းတွေထဲမှာ စိစစ်အတည်ပြုခြင်းတို့ ပြဿနာကို တတ်နိုင်သမျှ ဖြေရှင်းပေးခြင်းဆိုတဲ့ဥစ္စာတွေကို တော်တော်များများ ဆောင်ရွက်နိုင်ခဲ့သော်လည်းပဲ စောင့်ကြည့်ခြင်းလုပ်ငန်းတွေမှာတော့ အားနည်းနေတာ၊ လိုအပ်နေတာလို့ ကျွန်တော်တင်ပြလိုပါတယ်။ ဘာလို့လဲဆိုတဲ့အခါကျတော့ ကျွန်တော်တို့မှာဖွင့်ထားတဲ့ U ရော၊ S ရော၊ L ရောဟာ မြို့တွေပေါ်မှာပါ။ တကယ့်ဖြစ်ပျက်နေတဲ့ဥစ္စာတွေက တောထဲ၊ ကျေးရွာတွေထဲမှာဖြစ်ပါတယ်။ အဲဒီတော့ တောထဲကျေးရွာတွေမှာ ဖြစ်တဲ့အခါကျတော့ Man of the Spot ဆို အဲဒီနေရာမှာရှိတဲ့လူက စောင့်ကြည့်နိုင်အောင် LCM (ဒေသခံအရပ်သားစောင့်ကြည့်သူများ) တွေ ဖွဲ့ပေးဖို့လိုပါမယ်။ စောစောကလည်း ဥက္ကဋ္ဌကြီးရဲ့ ရှင်းလင်းပြောသွားတဲ့ အမှာစကားထဲမှာ အဲဒါကိုကြားလိုက်မိပါတယ်။ တကယ်လိုအပ်နေတာကလည်းပဲ အဲဒီ Man of the Spot ခေါ်တဲ့ကျေးရွာတွေမှာ ကျေးရွာကလည်း ကျေးရွာအားလုံးပေါ့။ ကျွန်တော်တို့တပ်နဲ့ EAOs အစရှိသဖြင့် ဒီလိုတွေကြားထဲမှာ အနီးစပ်ဆုံးနေရာတွေမှာ လိုအပ်တဲ့ LCM တွေကို ကျွန်တော်တို့ဖွဲ့စည်းပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့လိုအပ်နေတယ်ဆိုတဲ့အောက်က စောင့်ကြည့်ရေးဆိုတဲ့လုပ်ငန်းတွေကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်အနေနဲ့ တင်ပြလိုပါတယ်” ဟု အရပ်သားကိုယ်စားလှယ် JMC-U ဒုတိယဥက္ကဋ္ဌ (၂) ဦးပြည့်စုံက ပြောကြားသည်။

JMC လုပ်ငန်းစဉ်များမှာ စောင့်ကြည့်ခြင်း၊ အငြင်းပွားမှုနှင့် ပဋိပက္ခဖြေရှင်းခြင်း၊ စိစစ်အတည်ပြုခြင်းတို့ဖြစ်ပြီး စောင့်ကြည့်ခြင်းလုပ်ငန်းစဉ်ကို အဓိကလုပ်ဆောင်နေကြောင်း၊ ထို့ပြင် JMC-L ရုံးများကိုဖွဲ့စည်းရန် လိုအပ်သည့်အပြင် ဒေသအလိုက် စောင့်ကြည့်သည့် LCM (ဒေသခံအရပ်သားစောင့်ကြည့်သူများ) အဖွဲ့များကိုလည်း ဖွဲ့စည်းသွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းများ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အချက်အလက်များအပေါ်တွင် တူညီသည့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ တူညီသည့်နားလည်သဘောပေါက်မှုများ၊ တူညီသည့်ရည်ရွယ်ချက်နှင့် မျှော်လင့်ချက်များရှိရန် လိုအပ်ကြောင်း၊ မရှိသေးသည့်ကဏ္ဍတွင်လည်း ဘုံသဘောတူညီမှုများရှိလာရန် ဦးစွာညှိနှိုင်းရမည်ဖြစ်ကြောင်း၊ ထို့မှသာ မိမိတို့သွားရမည့် လမ်းကြောင်းအရှေ့တွင် ရှင်းရှင်းလင်းလင်းနှင့် ထင်ထင်ရှားရှား ဖြစ်နေမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ပင် NCA စာချုပ်အရ ဖွဲ့စည်းထားသည့် JMC အကောင်အထည်ဖော်မှုကဏ္ဍတွင်လည်း ရှင်းရှင်းလင်းလင်းဖြစ်နေရန် လိုအပ်ကြောင်း ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ပြောကြားသည်။

“NCA က ပေါက်ဖွားလာတဲ့ JMC အကောင်အထည်ဖော်မှုဟာ ရှင်းရှင်းလင်းလင်းဖြစ်နေဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ JMC အကောင်အထည်ဖော်မှုမှာ ယုံကြည်မှုတည်ဆောက်ခြင်း ကျွန်တော်တို့ Trust Building ဟာ JMC အောင်မြင်မှုအတွက် အရေးကြီးဆုံးအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ ကျွန်တော်တို့ လက်နက်ကိုင်နှစ်ဖွဲ့ကြားမှာပဲ တည်ဆောက်တာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ဒေသခံပြည်သူများလည်း ပါဝင်နေတယ်ဆိုတာ သတိပြုဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒေသခံပြည်သူများဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ မကောင်းတဲ့အကျိုးဆက်တွေကို ခေတ်အဆက်ဆက်မှာ ခံစားလာကြရတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ် လွှမ်းမိုးနေဆဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့လှုပ်ရှားမှုတိုင်းဟာ သူတို့ရဲ့ဆန္ဒမပါဝင်ရင် ကျွန်တော်တို့ရဲ့ NCA နဲ့ JMC အကောင်အထည်ဖော်မှုတွေမှာ သူတို့ရဲ့ရှိပြီးသားယုံကြည်မှုတွေပါ ပျက်သွားနိုင်ပါတယ်။ ဒါကိုလည်း နှစ်ဖက် လေးလေးနက်နက် စဉ်းစားဖို့လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ဆိုသည်။

JMC ကို ဖွဲ့စည်းထားသည့်သက်တမ်းက နှစ်နှစ်ကျော်ပြီဖြစ်သော်လည်း လက်ရှိအနေအထားတွင် ယုံကြည်မှုတည်ဆောက်နေဆဲဆိုသည့် စကားလုံးကို သုံးစွဲပြောဆိုနေဆဲဖြစ်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ယုံကြည်မှုတည်ဆောက်နေသည်ဆိုသော စကားလုံးအား ပြန်ကြည့်ရာတွင် တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် မှီခိုမှုရှိနေရန်လိုအပ်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်မှီခိုနိုင်ရန်လည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ၊ လိုအပ်သည့် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်မှီခိုနေမည်ဆိုပါက ယုံကြည်မှုတည်ဆောက်ပြီးသားဖြစ်သည်ဟု ယုံကြည်ကြောင်း JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။