ဝန်ကြီးဌာနအချို့ အနေဖြင့် လွှတ်တော်တွင် ကတိအဖြစ် ဖြေဆိုထားပြီး ဖြစ်သော်လည်း ၎င်းတို့ ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိဟူသော အကြောင်းပြချက်များဖြင့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းများ ဆောင်ရွက်ရန် ငြင်းဆိုခြင်းများ ရှိသည်ကို တွေ့ရကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာ တင်သွင်း

ဝန်ကြီးဌာနအချို့ အနေဖြင့် လွှတ်တော်တွင် ကတိအဖြစ် ဖြေဆိုထားပြီး ဖြစ်သော်လည်း ၎င်းတို့ ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိဟူသော အကြောင်းပြချက်များဖြင့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းများ ဆောင်ရွက်ရန် ငြင်းဆိုခြင်းများ ရှိသည်ကို တွေ့ရကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာ တင်သွင်း
Published 11 August 2017

ဝန်ကြီးဌာနအချို့ အနေဖြင့် လွှတ်တော်တွင် ကတိအဖြစ် ဖြေဆိုထားပြီး ဖြစ်သော်လည်း ၎င်းတို့ ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိဟူသော အကြောင်းပြချက်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုယ်စား တက်ရောက်ဖြေဆိုရသည့် အကြောင်းပြချက်ဖြင့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းများ ဆောင်ရွက်ရန် ငြင်းဆိုခြင်းများ ရှိသည်ကို တွေ့ရကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

နေပြည်တော်တွင် သြဂုတ် ၉ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက အစီရင်ခံစာ တင်သွင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

ကော်မတီ အနေဖြင့် ကတိဖြစ်ခဲ့သော လုပ်ငန်းဆောင်ရွက်မှုများအား ဝန်ကြီးဌာနများက နောက်ဆုံး မည်သို့မည်ပုံ ဆောင်ရွက်ထားသည်ကို လစဉ်လဆန်းတစ်ရက်နေ့တိုင်းတွင် ကော်မတီသို့ အစီရင်ခံစာ တင်ပြကြရန် အကြောင်းကြားထားကြောင်း၊ သို့သော် ဝန်ကြီးဌာန အချို့မှာ အချိန်မီ အကြောင်းပြန်ကြားမှု အားနည်းလျက် ရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနများမှ ကတိပြုခဲ့သော လုပ်ငန်းအချို့တွင် ဝန်ထမ်းဖွဲ့စည်းပုံ မပြည့်မီသည့် အခြေအနေမျိုးနှင့် တည်ဆောက်ရေး လုပ်ငန်းများ ရာနှုန်းပြည့် မပြီးစီးမီ အခြေအနေများကို ကော်မတီမှ ဆောင်ရွက်ဆဲအဖြစ် သတ်မှတ်ထားရှိသော်လည်း ကတိအတိုင်း ဆက်လက်လုပ်ဆောင်မှု ရှိ၊ မရှိကို စိစစ်ပေးသွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ ဝန်ကြီးဌာနအချို့ အနေဖြင့် လွှတ်တော်တွင် ကတိအဖြစ် ဖြေဆိုထားပြီး ဖြစ်သော်လည်း ၎င်းတို့ ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိဟူသော အကြောင်းပြချက်ဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုယ်စား တက်ရောက်ဖြေဆိုရသည့်အတွက်ဟူသော အကြောင်းပြချက်ဖြင့် လည်းကောင်း ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းများဆောင်ရွက်ရန် ငြင်းဆိုခြင်းများ ရှိသည်ကို တွေ့ရပါကြောင်း၊ သို့သော် ကတိနှင့် တိုက်ရိုက်သက်ဆိုင်သော ဝန်ကြီးဌာနကို ကတိအဖြစ် ဖြေဆိုထားသော ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရသည်ဟု ကော်မတီက တင်ပြထားသည်။

ထို့ပြင် ကော်မတီက ပုံမှန်အစည်းအဝေးများတွင် ဝန်ကြီးဌာနအလိုက် ကတိဖြစ်ခဲ့သော ကြယ်ပွင့်ပြမေးခွန်း၊ ကြယ်ပွင့်မပြမေးခွန်း၊ အတည်ပြု အဆိုများနှင့် ပတ်သက်၍ ကတိဖြစ်ခဲ့သည့်အတိုင်း သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ရန်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကတိဖြစ်ခဲ့သော ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများက စီမံကိန်းရေးဆွဲရာတွင် ဦးစားပေးဘတ်ဂျက်၌ ထည့်သွင်းရေးဆွဲပေးရန် အကြံပြုထားသည်။

ပဲခူးမြို့ရှိ ကန်တော်ကြီး ရေဝေရေလဲဒေသကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ၎င်းဧရိယာအတွင်း ပုဂ္ဂလိက လုပ်ပိုင်ခွင့်များအား ပြန်လည်ရုပ်သိမ်း၍ သဘာ၀ သစ်တောကန့်သတ်နယ်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစိုးရသို့ တိုက်တွန်းသည့် အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီး အဆိုနှင့်ပတ်သက်၍ ကော်မတီက ကွင်းဆင်းစစ်ဆေးရာတွင် ကန်တော်ကြီးရေဝေရေလဲ ဧရိယာအတွင်း စာချုပ်ပါ စည်းကမ်းအရ သစ်သားအုတ်ညှပ် အဆောက်အအုံသာ ဆောက်လုပ်ရန် ခွင့်ပြုထားသော်လည်း အခိုင်အမာ တည်ဆောက်ထားသော RC အဆောက်အအုံများကို တွေ့ရှိရခြင်း၊ လွှတ်တော်တွင် အဆိုကို အတည်ပြုပြီးနောက် ကန်တော်ကြီး ရေဝေရေလဲ ဧရိယာအတွင်းရှိ  မည်သည့်အဆောက်အအုံကိုမျှ မရှိရန် ၁၅- ၇-၂၀၁၇ ရက် နောက်ဆုံးထား ဖျက်သိမ်းသွားမည်ဟု ဆိုသော်လည်း ကော်မတီက စိစစ်နေချိန်ထိ မဖျက်သိမ်းဘဲ တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ထည့်သွင်းတင်ပြခဲ့သည်။

အဆိုပါ ကော်မတီ၏ အစီရင်ခံစာတွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်၊ စတုတ္ထပုံမှန် အစည်းအဝေးများတွင် ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်းများ၊ အတည်ပြုခဲ့သည့် အဆိုများအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဖော်ပြထားသည်။