မွန်ပြည်သူ တစ်ရပ်လုံး ကိုယ်စားပြုနိုင်မည့် တစ်ခုတည်းသော မွန်နိုင်ငံရေးပါတီ ပေါ်ထွန်းလာရေး မွန်ပြည်သူ့ညီလာခံ ပြုလုပ်

မွန်ပြည်သူ တစ်ရပ်လုံး ကိုယ်စားပြုနိုင်မည့် တစ်ခုတည်းသော မွန်နိုင်ငံရေးပါတီ ပေါ်ထွန်းလာရေး မွန်ပြည်သူ့ညီလာခံ ပြုလုပ်
Published 14 January 2018

မွန်ပြည်သူ တစ်ရပ်လုံး ကိုယ်စားပြုနိုင်မည့် တစ်ခုတည်းသော မွန်နိုင်ငံရေးပါတီ ပေါ်ထွန်းလာရေး မွန်ပြည်သူ့ညီလာခံကို ဇန်နဝါရီ ၁၃ ရက်က မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ သာသနာ (၂၅၀၀) စာသင်တိုက်ရှိ ဓမ္မာရုံတွင် ပြုလုပ်စဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မွန်ပြည်သူ တစ်ရပ်လုံး ကိုယ်စားပြုနိုင်မည့် တစ်ခုတည်းသော မွန်နိုင်ငံရေးပါတီ ပေါ်ထွန်းလာရေးအတွက် မွန်ပြည်သူ့ညီလာခံကို ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီက မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ သာသနာ (၂၅၀၀) စာသင်တိုက်ရှိ ဓမ္မာရုံတွင် စတင်ပြုလုပ်လျက် ရှိသည်။

“ကျွန်တော်တို့ခေါင်းစဉ်ပေးထားတာက မွန်ပြည်သူ့ညီလာခံပေါ့နော်။ ဒီညီလာခံကို တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးက ကျွန်တော်တို့မွန်ညီညွတ်ရေးအဖွဲ့က ချမှတ်ထားတဲ့ မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီ ပေါ်ထွန်းရေးအတွက် ဆွေးနွေးကြမယ့်ပွဲလို့ အဓိပ္ပာယ်ဖွင့်လို့ ရပါတယ်။ ကျွန်တော်တို့ ဦးတည်ထားတဲ့ ရည်ရွယ်ချက်ကတော့ မွန်ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော မွန်နိုင်ငံရေးပါတီ ပေါ်ထွန်းရေးပဲဖြစ်တယ်။ ဒီနေ့ညီလာခံကိုလာ ရောက်ဆွေးနွေးကြတဲ့ ကိုယ်စားလှယ်တွေက ကျွန်တော်တို့ မွန်ပြည်နယ်မှာရှိနေတဲ့ မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေ၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးမှာ ရှိနေကြတဲ့ မွန်လူမျိုးကိုယ်စားလှယ်တွေ။ နောက် နိုင်ငံခြားမှာ ရှိနေကြတဲ့ မွန်အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ၊ မွန်လူမှုအဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်”ဟု မွန်ပြည်သူ့ညီလာခံအား ဦးဆောင်ပြုလုပ်သည့် မွန်ညီညွတ်ရေးအဖွဲ့မှ အတွင်းရေးမှူး နိုင်စိုးအောင် (မွန်ပြည်သူ့ညီလာခံ ပြောရေးဆိုခွင့်ရှိသူ) က ပြောကြားသည်။

၎င်းက “ကျွန်တော်တို့ဆွေးနွေးကြမယ့် အကြောင်းအရာကတော့ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော ပါတီဆိုတာ ဘယ်လိုပုံသဏ္ဌာန်မျိုးနဲ့ ဘယ်လိုကိုယ်ထည်တွေ ရှိမလဲ။ ဘယ်သူတွေ ပါဝင်သင့်လဲ။ ဘယ်လို ဖွဲ့စည်းသွားသင့်သလဲ။ အချိန်ဘယ်လောက် ယူမှာလဲ။ နောက်ထပ် ပါဝင်လာခြင်း မရှိတဲ့ နိုင်ငံရေးပါတီတွေအပေါ်မှာ ဘယ်လိုသဘောထားမလဲ။ ဒီအပေါ်မှာ အခြေခံပြီး တော့ ညီလာခံက ဆုံးဖြတ်သွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။

လက်ရှိ မွန်နိုင်ငံရေးပါတီများမှ မွန်ပြည်သူ့ညီလာခံသို့ တက်ရောက်လာခြင်း မရှိသည့်အပေါ် နိုင်စိုးအောင်က “ကျွန်တော်တို့အနေနဲ့ အားလုံးပါဝင်ရေးကို မျှော်လင့်ထားတယ်။ ကျွန်တော်တို့မွန်ပြည်သူတွေကလည်း မျှော်လင့်ထားတယ်။ ထိုနည်းတူစွာ ဒီကနေ့ ဒီညီလာခံကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေ မျှော်လင့်ထားတယ်။ ဒီကနေ့ နိုင်ငံရေးပါတီတွေ မရောက်ရှိလာတာကတော့ ကျွန်တော့်အနေနဲ့မွန်ပြည်သူတွေကိုယ်စား စိတ်မကောင်းဖြစ်မိပါတယ်။ ဒီလို စည်းဝိုင်းအပြင်ဘက်ကို ရောက်သွားတာကတော့ သူတို့ရဲ့အနာဂတ်အတွက် မကောင်းဘူး။ မွန်ပြည်သူတွေအတွက်လည်း ရေရှည်အတွက် မကောင်းဘူး။ အဲဒီတော့ ဒီညီလာခံမှာ အားလုံးပါဝင်တဲ့  အဖြေတစ်ခုတည်း ဖြစ်ပါစေလို့ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီမှ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင် ဦးဆောင်သော ကိုယ်စားလှယ် ၁၂ ဦးက လေ့လာသူအဖြစ် ညီလာခံသို့ တက်ရောက်ခဲ့သော်လည်း မွန်နှစ်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့က ပါတီဗဟိုမှ ညီလာခံနှင့် ပတ်သက်ပြီး အသိအမှတ်မပြုကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ထားသည့်အတွက် တက်ရောက်ခဲ့ခြင်း မရှိကြောင်း၊ ယခုပြုလုပ်နေသည့် မွန်ပြည်သူ့ညီလာခံ၌ ဒုတိယဥက္ကဋ္ဌနေရာ သုံးနေရာအား မွန်ပြည်သစ်ပါတီနှင့် မွန်နိုင်ငံရေး နှစ်ပါတီအား ပေးထားပါကြောင်း၊ သို့သော် ယခုကျင်းပနေသည့် ညီလာခံအား ဒုတိယဥက္ကဋ္ဌမရှိဘဲ ကျင်းပနေခြင်းဖြစ်ကြောင်း၊ မိမိတို့ ညီလာခံကျင်းပရေးကော်မတီအနေဖြင့် မွန်ပါတီများအား ဖိတ်ကြားထားပါကြောင်းနှင့် တက်ရောက်လာမည်ဟုလည်း ယုံကြည်ခဲ့ပါကြောင်း၊ မွန်နိုင်ငံရေးပါတီ နှစ်ပါတီမှ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ခြင်း မရှိသော်လည်းပါတီဝင်များ တက်ရောက်လာသည်ကို တွေ့ရှိရပါကြောင်း မွန်ပြည်သူ့ညီလာခံကျင်းပရေးကော်မတီ အတွင်းရေးမှူး မိချယ်ရီစိုးက ပြောကြားသည်။

“ဒီနေ့ ညီလာခံရဲ့မနက်ပိုင်းမှာ မွန်အမျိုးသား နိုင်ငံရေး ရှေ့ဆက်ကောင်းမွန်ဖို့အတွက်ကို စာတမ်းတွေ၊ အကြံပြုစာတွေကို တက်ရောက်လာကြတဲ့ အဖွဲ့အစည်းတွေက ဖတ်ကြားကြမှာ ဖြစ်ပါတယ်။ ညနေပိုင်းမှာဆိုရင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီရဲ့ ကြန်အင်လက္ခဏာတွေက ဘာတွေလဲ။ ဘယ်လို ဝိသေသတွေ ရှိရမလဲ စတဲ့ သီအိုရီပိုင်းဆိုင်ရာတွေကို ဆွေးနွေးကြမယ်။ နောက်ပိုင်းမှာ တက်ရောက်လာကြတဲ့ အစုအဖွဲ့ ၁၁ ဖွဲ့ကနေပြီးတော့ ခေါင်းစဉ်သုံးခုကို ဆွဲထုတ်မယ်။ ဥပမာ မွန်နိုင်ငံရေးပါတီ တစ်ပါတီ တည်းရှိရမလား။ ပါတီစုံ ဖြစ်ရမလား။ ဒါမှမဟုတ် နှစ်ပါတီပေါင်းပြီးမှ တစ်မျိုးသားလုံး ကိုယ်စားပြုတဲ့ ပါတီဖြစ်မလား။ စတဲ့အကြောင်းအရာတွေကို အစုအဖွဲ့အလိုက် စဉ်းစားလာကြမယ်။ အဲဒါကို အားသာချက်၊ အားနည်းချက်တွေက ဘာတွေလဲ။ တစ်ပါတီတည်း လုပ်မယ်ဆိုရင် အားသာချက်က ဘာလဲ။ အားနည်းချက်က ဘာလဲ။ အားနည်းချက်ရှိနေရင် ဘယ်လိုမျိုး ကျော်လွှားရမလဲပေါ့နော်။ အဲဒါတွေကို အတိအကျဆွေးနွေးပြီးမှ ညီလာခံမှာ ပြန်လည်တင်ပြကြမှာ ဖြစ်ပါတယ်။ ဒီညီလာခံက မွန်အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်ပြီး ပထမဆုံးပြုလုပ်တဲ့ ညီလာခံလို့လည်း ပြောလို့ရပါတယ်”ဟု မိချယ်ရီစိုးက ပြောကြားသည်။

“မွန်နိုင်ငံရေးပါတီ တစ်ခုထပ်ဖြစ်လာမလား ဆိုတာကတော့ ဒီညီလာခံရဲ့ ဆွေးနွေးချက်တွေအပေါ်မှာပဲ မူတည်မှာပါ။ နောက်ပြီး ဒီညီလာခံမှာ စည်းမျဉ်းတစ်ခု ချထားပါတယ်။ အစုအဖွဲ့အားလုံး သဘောတူမှသာ ညီလာခံရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ အစုအဖွဲ့တစ်ခု၊ နှစ်ခုက သဘောမတူခဲ့သည် ရှိသော် ညီလာခံကနေ တားမြစ်တာမျိုး မဟုတ်ဘဲ၊ သူတို့တွေအနေနဲ့ဆက်ပြီးတော့ အကောင်အထည်ဖော်သွားလို့ ရမယ်။ ဒါပေမဲ့ ညီလာခံရဲ့ ဆုံးဖြတ်ချက်အနေနဲ့တော့ မဟုတ်ဘူးပေါ့။ အားလုံး သဘောတူညီမှသာ ညီလာခံရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု မိချယ်ရီစိုးက ဆက်လက်ပြောကြားသည်။

မွန်ပြည်သူ့ညီလာခံသို့ဖိတ်ကြားသင့်သူအနေဖြင့် ဖိတ်ကြားခံရပြီး တက်ရောက်လာသူ မွန်အမျိုးသားပါတီမှ မုဒုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကလည်း “ဒီညီလာခံနဲ့ ပတ်သက်ပြီး ဖိတ်ကြားသင့်သူအနေနဲ့ ဖိတ်ကြားခံရတဲ့အတွက် ဒီညီလာခံကို လာတက်ရောက်တာ ဖြစ်ပါတယ်။ ပါတီအနေနဲ့ကတော့ ကြေညာချက် ထုတ်ထားတာ ရှိပါတယ်။ ပါတီဝင်တွေ အနေနဲ့လည်း မတက်ရောက်ဖို့ တားထားတယ်။ ကျွန်တော် ဒီညီလာခံကို တက်တာ ပါတီဝင်အနေနဲ့ တက်တာမဟုတ်ဘူး။ ကျွန်တော့်ကို ဖိတ်ကြားသင့်သူအနေနဲ့ ဖိတ်ကြားလို့ တက်ရောက်တာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

၎င်းက “ကျွန်တော်တို့အားလုံးရဲ့ ရည်ရွယ်ချက်က ညီညွတ်ရေးနဲ့ ပါတီပေါင်းစည်းရေး လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ အခု ဒီညီလာခံကနေ တစ်ဆင့် နောက်ထပ် မွန်နိုင်ငံရေးပါတီ ပေါ်ပေါက်လာဖို့က ညီလာခံကို တက်ရောက်လာကြတဲ့ အဖွဲ့အစည်းတွေရဲ့ဆန္ဒပဲ ဖြစ်ပါတယ်။ အဲဒီလို မွန်နိုင်ငံရေးပါတီ တစ်ခုဖြစ်လာမယ်ဆိုရင်လည်း ကျွန်တော့်အနေနဲ့ ဘာမှကန့်ကွက်စရာ မရှိဘူး။ ယနေ့ ရွေးကောက်ပွဲတွေက ပါတီစုံနဲ့သွားနေတာ ဖြစ်တယ်။ နောက်ထပ် မွန်နိုင်ငံရေးပါတီ တစ်ပါတီ မဟုတ်ဘူး။ ဘယ်လောက်ဖြစ်ဖြစ် အဲဒီအပေါ်မှာ ကန့်ကွက်စရာ မရှိဘူး။ ဒါက ကျွန်တော့်အမြင်ပါ။ ဥပမာ နောက်ထပ် မွန်နိုင်ငံရေးပါတီ တစ်ခုဖြစ်လာပြီဆိုပါစို့။ အဲဒီပါတီရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လူထုရဲ့ ထောက်ခံမှု ဘယ်လောက်ရှိလဲဆိုတာ သူ့အပိုင်းနဲ့သူ သွားကြရမှာပါ။ အဲဒီတော့ ပါတီဘယ်လောက်ပဲ များနေပါစေ။ လူထုထောက်ခံမှုကို ရမယ့်ပါတီက ဦးဆောင်သွားမှာပါပဲ” ဟု ပြောကြားသည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ကြည့်လိုက်ရင် နိုင်ငံရေးပါတီ ၉၃ ပါတီ ရှိတယ်။ နိုင်တဲ့ပါတီက ၂၀ ကျော်လောက်ပဲ ရှိတယ်။ ကိုယ်စားလှယ် တစ်ယောက်မှ မရတဲ့ ပါတီတောင် ရှိတယ်။ ဒါပေမဲ့ သူ့တို့ ရပ်တည်ချက်နဲ့သူတို့ ဆက်သွားနေတုန်းပါပဲ။ အဓိက က လူထုရဲ့ ဆန္ဒက အရေးကြီးဆုံးပဲ။ မွန်ပါတီမှာလည်း ဒီအတိုင်းပဲ။ မွန်ပါတီ သုံးပါတီရှိတယ်။ လူထု ထောက်ခံမှုပေးတဲ့ ပါတီ နှစ်ပါတီ ရှိတယ်။ ကျန်တစ်ပါတီက ကိုယ်စားလှယ်နေရာ မရဘူး။ ဒီလိုပဲ သွားနေကြမှာပဲ။ ခြုံပြောရမယ်ဆိုရင် မွန်နိုင်ငံရေးပါတီအသစ် ပေါ်တာ၊ မပေါ်တာ ကျွန်တော့်ကိစ္စတော့ မဟုတ်ဘူး။ ပေါ်လာမယ်ဆိုရင်လည်း လူထုအရှေ့မှာ ဘယ်လောက်အထိ ဦးဆောင်ပြီး သွားနိုင်မလဲ။ လူထုကလည်း ဘယ်လောက်အထိ ထောက်ခံသွားနိုင်မလဲ။ အဲဒါအဖြေပါပဲ”ဟု ဒေါက်တာမင်းကြည်ဝင်းက ဆက်လက် ပြောကြားသည်။
အဆိုပါ မွန်ပြည်သူ့ညီလာခံသို့ မွန်သံဃာတော်များ အပါအဝင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၈၀၀ ကျော် တက်ရောက်လာကြောင်းနှင့် ညီလာခံအား ဇန်နဝါရီ ၁၄ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။