ကျောက်စိမ်း တူးဖော်မှုကြောင့် ဖားကန့်မြို့ ပျက်စီးမှုကို ကျောက်မျက်ရတနာ ရောင်းရငွေမှ ကောက်ခံသည့် အခွန်ဖြင့် ပြင်ဆင် (သို့မဟုတ်) လျော်ကြေးငွေပေးရန် လွှတ်တော်တွင် မေးမြန်း

ကျောက်စိမ်း တူးဖော်မှုကြောင့် ဖားကန့်မြို့ ပျက်စီးမှုကို ကျောက်မျက်ရတနာ ရောင်းရငွေမှ ကောက်ခံသည့် အခွန်ဖြင့် ပြင်ဆင် (သို့မဟုတ်) လျော်ကြေးငွေပေးရန် လွှတ်တော်တွင် မေးမြန်း
Published 2 December 2017

ကျောက်စိမ်း တူးဖော်မှုကြောင့် ဖားကန့်မြို့ ပျက်စီးမှုကို ကျောက်မျက်ရတနာ ရောင်းရငွေမှ ကောက်ခံသည့် အခွန်ဖြင့် ပြင်ဆင် (သို့မဟုတ်) လျော်ကြေးငွေပေးရန် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် နဝမပုံမှန် အစည်းအဝေး တတိယနေ့တွင် မေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက မေးမြန်းခဲ့ခြင်းဖြစ်ပြီး ဖားကန့်မြို့ကြီးမှာ နှစ်ထပ်အိမ်ကြီးများ တစ်ထပ်သာ ကျန်ရှိသည်အထိ ဥရုမြစ်ကြမ်းပြင် မြင့်တက်လာခြင်း၊ နုန်းများ တင်ကျန်လာခြင်း၊ နှစ်စဉ်ရေကြီးလာခြင်းတို့ကြောင့် ပျက်စီးခြင်းများစွာကို တွေ့မြင်ရခြင်းဖြစ်သောကြောင့် လွှတ်တော်တွင် မေးမြန်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။

၎င်းက “ဖားကန့်မြို့ပေါ်က ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာ ရပ်ကွက်သုံးခုဟာ ဥရုမြစ်ကြောင်း တိမ်ကောမှုကြောင့် နှစ်စဉ်ရေကြီးခြင်းဒဏ်ကို ခံရတယ်။ နုန်းဖို့တာကို ခံရတယ်။ အိမ်ခြေပေါင်း ဆယ်ချီပျက်စီးခဲ့တယ်။ လုံးဝမထူထောင်နိုင်တဲ့ မိသားစုတွေလည်း ရှိနေတယ်။ ဘယ်သူမှ တာဝန်ခံဖြေရှင်းတယ်ဆိုတာ မရှိပါဘူး။ အခုပုံတွေနဲ့တင်ပြရတဲ့ပုံဟာ နှစ်ထပ်တိုက်ဟာ တစ်ထပ်ပဲ ကျန်တော့တဲ့ အခြေအနေမှာပါ။ ပြန်ဆောက်ဖို့ ဆိုရင်လည်း မဖြစ်နိုင်တဲ့ အခြေအနေမျိုးပါ။ အခြားသော အိမ်တွေများလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ မှော်ကျေးရွာတွေမှာတော့ ကုမ္ပဏီတွေက လျော်ပေးတယ်။ လူလုပ်တဲ့ ကိစ္စကြောင့်ဖြစ်လာတဲ့ ထိခိုက်မှုကို လက်ပိုက်ပြီး ကြည့်နေရင် လုပ်တဲ့သူတွေက ပိုမို ဆောင်ရွက်လာမှာပဲ ဖြစ်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုအရ ပြန်လုပ်ပေးသင့်တယ်။
လုံးဝကြီး လျစ်လျူရှုသလို ဖြစ်သွားတယ်။ သို့မဟုတ် လျော်ကြေးပေးသင့်တယ်ထင်လို့ မေးမြန်းရခြင်း ဖြစ်ပါတယ်။ CSR ရန်ပုံငွေ (ကျောက်မျက်ရတာ ရောင်းရငွေမှ ၁ ရာခိုင်နှုန်းအခွန်) က ဒေသမှာ ပျက်စီးသွားတဲ့ သူတွေကို ပေးဖို့လို့ နားလည်ထားပါတယ်။ သက်ဆိုင်ရာ ပျက်စီးခံရတဲ့ ဒေသခံတွေကို ပေးသင့်တယ်လို့ ထင်ပါတယ်”ဟု တင်ပြခဲ့သည်။

ယင်းမေးခွန်းနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က ဖြေကြားရာတွင် ငှက်ပျောတောရပ်ကွက်မှာ ဥရုချောင်းရေ ဦးတည်သည့်နေရာတွင် ဖြစ်သဖြင့် နှစ်စဉ် ရေနစ်မြုပ်လျက် ရှိကြောင်း၊ မြို့မရပ်ကွက်နှင့် အေးမြသာယာရပ်ကွက်များမှာ မော်မောင်းချောင်းနှင့် ကာလီချောင်းများမှာ ရပ်ကွက်အတွင်း ဖြတ်သန်းသွားပြီး အခြေချနေထိုင်သူများက လူနေအိမ် နှင့် လမ်းများ တိုးချဲ့ဆောက်လုပ်လာခဲ့သဖြင့် ဧရိယာကျဉ်းမြောင်းကာ ရပ်ကွက်အတွင်း ရေကြီးလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေဝပ်သည့် အိမ်များအား ထောက်ပံ့ရမည်ဆိုပါက ရန်ပုံငွေမြောက်မြားစွာ သုံးစွဲရမည်ဖြစ်ကြောင်း၊ ဥရုချောင်းရေလျှံမှုကို ကာကွယ်နိုင်ရန် ရေထိန်းနံရံများ ပြုလုပ်ပေးခြင်းကို CSR ရန်ပုံငွေဖြင့် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဥရုချောင်း ရှင်းလင်းရေးအတွက် ကျပ်သန်း ၃၁၄၁ သန်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျပ်သန်း ၂၆၆၅ သန်း အသုံးပြုခဲ့ကြောင်း၊ လုံးခင်း-ဖားကန့် ရတနာမြေရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် CSR ရန်ပုံငွေ ဒေါ်လာနှစ်သန်းကို ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ ၂၀၁၆ ခုနှစ်တွင် လွှဲပြောင်းထားကြောင်း၊ CSR ရန်ပုံငွေကို ကြီးကြပ်ဆောင်ရွက်နိုင်ရန် ကြီးကြပ်မှုကော်မတီနှင့် လုပ်ငန်းကော်မတီများက တင်ပြထားခြင်း မရှိပါသဖြင့် ပြင်ဆင်စရိတ် (သို့မဟုတ်)လျော်ကြေးငွေများ ပေးသွားရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

ကချင်ပြည်နယ်လွှတ်တော် သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီက ၂၀၁၇ မတ် ၃၀ ရက်တွင် အစီရင်ခံစာ တင်သွင်းရာတွင် (က) ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးသည့် စနစ်မှာအပေါ် မြေလွှာအားလုံးကို ဖယ်ရှားသည့်နည်း ဖြစ်သဖြင့် သစ်တောပြုန်းတီးခြင်း၊ ရေတိုက်စားခြင်းဖြစ်ကာ ဂေဟစနစ်ကို လွန်စွာ ထိခိုက်သော စနစ်ဖြစ်ကြောင်း (ခ) စွန့်ပစ်မြေစာများ ရေကြောင်းမှတစ်ဆင့် သယ်ယူလာပြီး ဖားကန့်မြို့ပေါ်တွင် ပို့ခြင်းကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးနေကြောင်း၊ (ဂ) စွန့်ပစ်မြေ စာများကြောင့် ဥရုမြစ်ကြမ်းပြင် မြင့်တက်လာ ပြီး ဖားကန့်မြို့ အပါအဝင် ဘေးဝဲယာများ ရေကြီးမှုဒဏ်ကို နှစ်စဉ်ခံစားနေရကြောင်း၊ (ဃ)ကျောက်မျက် တူးဖော်သည့် ကုမ္ပဏီများက ကျောက်မျက်တူးဖော်သည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာရန် ကြီးကြပ်သင့်ပါကြောင်း၊ (င) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသူက အလျော်ပေးရန်၊ ထည့်ဝင်စေရန် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲသည့် လုပ်ငန်းများမှ အကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်းအား ထည့်ဝင်သုံးစွဲရန် စီမံခန့်ခွဲခြင်းဟု ပါရှိနေသော်လည်း ရာခိုင်နှုန်းတစ်ခုကို တိကျစွာ သတ်မှတ်သင့်ပါကြောင်း ဖော်ပြခဲ့သည်။

ယင်းကော်မတီ၏ အကြံပြုချက်တွင် ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများက စွန့်ပစ်မြေစာများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှု၊ ရေကြီးရေလျှံ ပိုမိုဆိုးရွားလာမှုအတွက် တစ်စုံတစ်ရာ ဖြေရှင်းပေးသည်ကို မတွေ့ရှိရသေးဖြင့် ထပ်မံ တိုက်တွန်းသွားရန် ကော်မတီက ဆုံးဖြတ်ထားကြောင်း ပြောကြားသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီ ၈၀၈ ခု တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက်ရှိခဲ့ရာ တွင် NLD အစိုးရ လက်ထက်တွင် သက်တမ်းကုန်များကို သက်တမ်းထပ်တိုးခွင့် မပြုဘဲထားရှိရာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ စာရင်းချုပ်အရ အကျိုးတူ ၉၅ ကွက်၊ ပုဂ္ဂလိကလုပ်ကွက် ၇၄၅ ကွက်ရှိနေကြောင်း သိရသည်။