မောင်တော၊ ဘူးသီးတောင်မြို့မှ တိမ်းရှောင်လာသူများအား ကြက်ခြေနီအသင်းက ကူညီကယ်ဆယ်နေပြီး ယာယီခိုလှုံရေးစခန်းများတွင် သောက်သုံးရေရရှိရေး လုပ်ဆောင်ပေးမည်

မောင်တော၊ ဘူးသီးတောင်မြို့မှ တိမ်းရှောင်လာသူများအား ကြက်ခြေနီအသင်းက ကူညီကယ်ဆယ်နေပြီး ယာယီခိုလှုံရေးစခန်းများတွင် သောက်သုံးရေရရှိရေး လုပ်ဆောင်ပေးမည်
Published 2 September 2017

သြဂုတ် ၃၁ ရက်က မောင်တော၊ ဘူးသီးတောင်မှ တိမ်းရှောင်လာသူများအား ကြက်ခြေနီအသင်းက အကူအညီပေးနေစဉ်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက မောင်တော၊ ဘူးသီးတောင်မြို့များမှ တိမ်းရှောင်လာသော ပြည်သူများအား ကူညီကယ်ဆယ်နေပြီး ယာယီခိုလှုံရေးစခန်းများ၌ သောက်သုံးရေ ရရှိရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် ပူးပေါင်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၃၁ ရက်က မောင်တောနှင့် ဘူးသီးတောင်မြို့များမှ ရေယာဉ်ဖြင့် တိမ်းရှောင်လာသော ပြည်သူများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရခိုင်အထူးစီမံချက်မှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ် စေတနာ့လုပ်အားရှင်များ၊ စစ်တွေကြက်ခြေနီစေတနာ့ လုပ်အားရှင်များ၊ ကြက်ခြေနီကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက ယာယီခိုလှုံရေးစခန်းများတွင် နေရာချထားပေးခြင်း၊ ဒဏ်ရာရသူများအား စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ယာယီနေထိုင်ရာ ဘုန်းကြီးကျောင်းများသို့ ရခိုင်အထူးစီမံချက်မှ ဝန်ထမ်းများနှင့် စေတနာ့လုပ်အားရှင် တပ်ဖွဲ့ဝင်တို့က လိုအပ်ချက်များ သွားရောက် ဆန်းစစ်ခဲ့ပြီး နေရာထိုင်ခင်းများအတွက် တာပေါ်လင်များ စီစဉ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ICRC မှ WASH အဖွဲ့နှင့်အတူ အရေးပေါ် တာပေါ်လင်ရေကန်များနှင့် သောက်ရေအတွက် ဖိုင်ဘာရေပုံးကြီးများကိုလည်း တပ်ဆင်ပေးရန် ဆောင်ရွက်နေပြီး အရေးပေါ် လိုအပ်ချက်ရှိသော တာပေါ်လင်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများနှင့် အစားအစာတို့ကို ထောက်ပံ့နိုင်ရေးအတွက် စီစဉ်လုပ်ဆောင်နေကြောင်း၊ သောက်သုံးရေရရှိရေးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ မောင်တောမြို့ပေါ်နေ ရခိုင်တိုင်းရင်းသားမိသားစုများ စစ်တွေမြို့သို့ ပြောင်းရွှေ့ရန်ကားများဖြင့် ဘူးသီးတောင်မြို့သို့ ဆက်လက်ထွက်ခွာလျက်ရှိပြီး ထိုသို့ပြောင်းရွှေ့သူများတွင် မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသူများပင် ဘူးသီးတောင်မြို့သို့ ထပ်မံထွက်ခွာနေကြကြောင်း သိရသည်။

ဝိမလရပ်ကွက်အတွင်း စာသင်ကျောင်း၌ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသော ဟိန္ဒူဘာသာဝင်များပါ ဘူးသီးတောင်မြို့သို့ ထွက်ခွာနေကြရာ ယခင်က လူဦးရေ ၁၈၀၀ ခန့်ရှိခဲ့သော စခန်းတွင် လူဦးရေ ၁၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်းနှင့် လေးမိုင်ရပ်ကွက် ကယ်ဆယ်ရေးစခန်းတွင် ယခင်က လူဦးရေ ၂၂၀၀ ကျော်ရှိရာမှ လက်ရှိတွင် ၁၂၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း သြဂုတ် ၃၁ ရက်အထိ ရရှိသည့် အချက်အလက်များအရ သိရသည်။

ထို့ပြင် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များမှ စစ်တွေမြို့သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူ များပြားလျက်ရှိကြောင်း၊ လူဦးရေထောင်နှင့်ချီပြီး ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent