သဘာဝသစ်တောနယ်မြေအဖြစ် သတ်မှတ်ထားသော မကြုံဂလက်ကျေးရွာ (ဘိုချိုကျွန်း) ပေါ်တွင် ဥပဒေနှင့်မညီဘဲ မြေ ၁၁ ဧကကျော် ရယူခွင့်ပေးခဲ့သည့် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူများကို အရေးယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

သဘာဝသစ်တောနယ်မြေအဖြစ် သတ်မှတ်ထားသော မကြုံဂလက်ကျေးရွာ (ဘိုချိုကျွန်း) ပေါ်တွင် ဥပဒေနှင့်မညီဘဲ မြေ ၁၁ ဧကကျော် ရယူခွင့်ပေးခဲ့သည့် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူများကို အရေးယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 1 October 2018

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် စူငယ်ဘာလိုင်းကျေးရွာအုပ်စု မကြုံဂလက်ကျေးရွာ (ဘိုချိုကျွန်း) အရန်မြေတွင် CB ဘဏ်အုပ်စုအား ဥပဒေနှင့်မညီဘဲ မြေ ၁၁ ဧကကျော် ရယူခွင့်ပေးခဲ့သည့် မြေစာရင်း ဦးစီးဌာနတာဝန်ရှိသူများအားလုံးကို အရေးယူ၍ နောက်ကွယ်မှ အကြောင်းတရားကို ပေါ်လွင်ထင်ရှားစေနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်ဖော်ထုတ်အရေးယူသင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က လွှတ်တော်၌ ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ကျွန်းစုမဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ကော့သောင်းခရိုင် စူငယ်ဘာ လိုင်းကျေးရွာအုပ်စု မကြုံဂလက်ကျေးရွာ (ဘိုချိုကျွန်း) အရန်မြေတွင် CB ဘဏ်အုပ်စုမှ ဝင်ရောက်ပိုင်ဆိုင် ရင်းနှီးမြှုပ်နှံမှုအပေါ် ဒေသခံကျေးရွာလူထုမှ စုပေါင်းကန့်ကွက်လာခြင်းအား စိစစ်အရေးယူဆောင်ရွက်ပေးရန် အသနားခံ တင်ပြတိုင်ကြားလာခြင်းကိစ္စကို တိုင်းဒေသကြီးလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိရသည့် အစီရင်ခံစာပါ သုံးသပ်အကြံပြုချက်များ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းရာတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ကော်မတီမှအစီရင်ခံစာ ပေးပို့ခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း       မရှိသေးဟု ဒေသခံများ တင်ပြလာသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ပြီး ပြတ်ပြတ်သားသား လုပ်ဆောင်သင့်သည်ဟု ဒေါက်တာထူးနေအောင်က ပြောကြားခဲ့သည်။

ဒေသခံများ၏ အသနားခံ တင်ပြတိုင်ကြားချက်အရ မကြုံဂလက်ကျေးရွာ (ဘိုချိုကျွန်း) သို့ ၂၀၁၈ ခုနှစ် ဧပြီ ၂၃ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီက ကွင်းဆင်း၍ ဒေသခံများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီတာဝန်ရှိသူတို့အား တွေ့ဆုံမေးမြန်း ပြီး အစီရင်ခံစာပြုစုကာ မေ  ၃ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့် မေ ၈ ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ပေးပို့ခဲ့ကြောင်း၊ ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာပါ သုံးသပ်ချက်များအဖြစ်-လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်မှ မကြုံဂလက်ကျေးရွာ၏ ရွာမြေ (၅၉ ဒသမ ၈၇) ဧကကို ၂၀၁၅ ခုနှစ် ဧပြီ ၂၈ ရက် နေ့စွဲဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ အမိန့်ကြော်ငြာစာအမှတ် (၄၇၀/ ၂၀၁၅) အဖြစ် သဘာဝနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးလိုက်သည့် အကြောင်းအရာသည် ကျေးရွာပိုင်မြေအဖြစ် ပြောင်းလဲအသုံးပြုနိုင် ရန်အတွက်ကြောင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ပြင်ပမှ ကုမ္ပဏီကြီးများ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများကို ရပ်တန့်ပြီး ပြည်သူတို့၏ သဘောဆန္ဒအတိုင်းကျေးရွာပိုင် မြေအဖြစ်သာ ထားရှိသင့်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အမိန့်ကြော်ငြာစာ မထုတ်ပြန်မီကာလအထိ သဘာဝသစ်တောနယ်မြေအဖြစ် သတ်မှတ်ထားသောနေရာ၌ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် CB ဘဏ်အုပ်စုမှ ဦးခင်မောင်အေးက မြေ ၁၁ ဧက ကျော်ကိုမြေစာရင်းပုံစံ ၁၀၅၊ ပုံစံ ၇ ရယူပိုင်ဆိုင်ထားခြင်း၊ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနမှပုံစံ ၁၀၅၊ ပုံစံ ၇ များ ထုတ်ပေးထားခြင်းမှာ မြေယာစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပြီး လုပ်ဆောင်ထားခြင်းဖြစ်သောကြောင့် ဦးခင်မောင်အေးနှင့် သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူများအားလုံးကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိစစ်ဖော်ထုတ်ပြီး ထိရောက်ပြတ်သားစွာ အရေးယူသင့်ကြောင်း ကျွန်းစုမဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ မေးမြန်းမှုကို သက်ဆိုင်ရာ ဝန်ကြီးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းကိုယ်စားလာ ရောက်ဖြေကြားခဲ့သည့် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလုကာက “ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဗိုလ်ချိုကျွန်းအပါအဝင် မြေဧရိယာ ၇၉ ဒသမ ၀၉ စတုရန်းမိုင်ကို သစ်တောရေးရာ ဝန်ကြီးဌာန၏ ၂၀.၈.၁၉၉၆ ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၄၀/ ၉၆) အရ လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားပြီး ယင်းအနက်မှ မကြုံဂလက်ကျေးရွာ၏ ရွာမြေ ၅၉ ဒသမ ၈၇ ဧကကို ကျေးရွာပိုင်မြေအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် သဘာဝနယ်မြေ အဖြစ်မှ ၂၀၁၅ ခုနှစ် ဧပြီလတွင် ပယ်ဖျက်ခဲ့ကြောင်း၊ ပယ်ဖျက်ခဲ့သည့် မြေ ၅၉ ဒသမ ၈၇ ဧကတွင် ဦးခင်မောင်အေးအား ပုံစံ - ၇ ထုတ်ပေးထားသည့် ဧရိယာ ၁၁ ဒသမ ၆၄ ဧကအပါအဝင် တောင်သူငါးဦး၊ ဦးပိုင်ခုနစ်ခု၊ မြေဧရိယာ ၃၃ ဒသမ ၀၈ ဧကပါဝင်ခဲ့ပြီး အခွန်စည်းကြပ်ခံရသူ အခြားတောင်သူ ၁၁ ဦး၊ ဦးပိုင် ၁၁ ခု၊ မြေဧရိယာ ၁၄၄ ဧက သည် ပယ်ဖျက်သည့် ဧရိယာတွင် မပါဝင်ဘဲ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်သည့် မြေဧရိယာအတွင်း ပါဝင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရကြောင်းနှင့် ယင်းမြေ ၃၃ ဒသမ ၀၈ ဧကအား လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ - ၇ ထုတ်ပေးထားခြင်းနှင့် မြေဧရိယာ ၁၄၄ ဧကအား မြေခွန်ပြေစာစည်းကြပ်ခြင်းတို့မှာ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်သည့် အမိန့်နှင့်မကြုံဂလက်ရွာမြေအဖြစ် ပယ်ဖျက်သည အမိန့်စာတို့ကို ကော့သောင်း မြို့နယ်သစ်တောဦးစီးဌာနနှင့် ကော့သောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ထံ မိတ္တူပေးပို့ခြင်းမရှိ၍ မသိရသဖြင့် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ တည်ဆဲဥပဒေ၊

လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီပုံစံ - ၇ ထုတ်ပေးခြင်း၊ မြေခွန်စည်းကြပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ဦးခင်မောင်အေးအား ပုံစံ - ၇ ထုတ်ပေးထားသည့် မြေဧရိယာ ၁၁ ဒသမ ၆၄ ဧကအပါအဝင် တောင်သူငါးဦး၊ ဦးပိုင်ခုနစ်ခု၊ မြေဧရိယာ ၃၃ ဒသမ ၀၈ ဧကကို ပုံစံ - ၇ ထုတ်ပေးထားခြင်းအား ပယ်ဖျက်နိုင်ရေးအတွက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဆောင်ရွက်နေပြီး အခွန်စည်းကြပ်ခံရသူ အခြားတောင် သူ ၁၁ ဦး၊ ဦးပိုင် ၁၁ ခု၊ မြေဧရိယာ ၁၄၄ ဧကကိုလည်း မြေခွန်စည်းကြပ်မှု ဆက်လက်မပြုလုပ်ရန် အကြောင်းကြားဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မေးခွန်းတွင်ပါဝင်သည့် ဥပဒေနှင့်မညီဘဲ မြေစာရင်းပုံစံ-၁၀၅၊ ပုံစံ-၇ ထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်အပေါ် မူတည်၍ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြပေးသွားမည်ဟုဝန်ကြီးက လွှတ်တော်၌ ဖြေကြားခဲ့သည်။

“ဒီအဖြေအပေါ်မှာတော့ ကျေနပ်မှုရှိတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အကြံပြုချက်အတိုင်းပဲပေါ့။ ဒီပုံစံ ၇ ကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီတော့ ပြန်လည်ပြီးတော့ ပယ်ဖျက်ဖို့ သူတို့လုပ်ဆောင်နေတယ်ပေါ့။ ဒီတိုင်း လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီကနေပြီးတော့ လုပ်ဆောင်နေပြီ။ ပြီးတော့ ပုံစံ ၁၀၅၊ ပုံစံ ၇ ထုတ်ပေးခဲ့တဲ့ သက်ဆိုင်ရာဌာနကိုလည်း နိုင်ငံ့ဝန်ထမ်း ဥပဒေနည်းဥပဒေအရ ဆောင်ရွက်ပြီးတော့ ပြည်ထောင်စုကိုတင်ပေးမယ်ဆိုတော့ ပုံစံ ၇ ကို ပယ်ဖျက်ပြီးတော့ ကျေးရွာပိုင်မြေအဖြစ်ထားမယ်။ ဥပဒေမဲ့ ထုတ်ပေးခဲ့တဲ့ ဒီသက်ဆိုင်ရာဌာနတွေကို အရေးယူမယ့် အပိုင်းထည့်ပြီးတော့ ဖြေသွားတဲ့အတွက်ကြောင့် ကျေနပ်မှုရှိတယ်လို့တော့ ပြောရမှာပေါ့။ ဒါပေမဲ့ ဖြေကြားသွားတဲ့အပိုဒ် ၇ မှာပါတဲ့ အတိုင်းသူတို့ဌာနအနေနဲ့ပုံစံ ၁၀၅၊ ပုံစံ ၇ ထုတ်ပေးလိုက်တဲ့ အကြောင်းအရာက မကြုံဂလက်နယ်မြေကို သဘာဝနယ်မြေအဖြစ် သတ်မှတ်ခဲ့တဲ့ဟာနဲ့ ကျေးရွာပိုင်မြေအဖြစ်ပယ်ဖျက်တဲ့စာကို မြေစာရင်းနဲ့ သစ်တောတို့က မရောက်ဘူးဆိုပြီးတော့ အဲလိုမျိုးဖြေသွားတယ်။ အဲဒီအဖြေအပေါ်မှာတော့ သိပ်ပြီးကျေနပ်မှုမရှိတော့ ဆက်စပ်မေးခွန်းမှာ ပြန်လည်ရှင်းလင်းတဲ့အပိုင်းပါတယ်။ ဘာကြောင့် ရှင်းလင်းရလဲဆိုတော့သူတို့ ဒီမကြုံဂလက်မြေကို သဘာဝနယ်မြေအဖြစ် ပယ်ဖျက်ပေး ဖို့ ပဏာမနယ်မြေအချက်အလက် ကောက်ယူခဲ့တဲ့ (၂၀၁၃ ခုနှစ်မေလခန့်က) ဌာနလေးခုထဲမှာ ကော့သောင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပါတယ်။ သစ်တောပါတယ်။ မြေစာရင်းပါတယ်။ ပြီးတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနပါတယ်။ အဲဒီတော့ ဒီခုနကပြောတဲ့ သဘာဝနယ်မြေသတ်မှတ်တဲ့ အမိန့်ကြော်ညာစာနဲ့ ပယ်ဖျက်တဲ့ဟာ မရဘူးဆိုရင်တောင်မှ  ၂၀၁၃ မြေပြင်အခြေအနေ ပဏာမကောက်ယူတဲ့အဖွဲ့ထဲမှာ ကော့သောင်းမြေစာရင်း ပါပြီးသားဖြစ်တဲ့အတွက်ကြောင့် သူတို့ သိကိုသိရမယ်။ သိသိကြီးနဲ့ပဲ ဥပဒေနဲ့ မညီဘဲ သဘာဝနယ်မြေထဲမှာ မြေစာရင်းပုံစံ ၁၀၅၊ ပုံစံ ၇ ထုတ်ပေးလို့ မရမှန်းသိရက်နဲ့ကုမ္ပဏီကို ထုတ်ပေးထားတာဆိုတော့ ဥပဒေကို ပြောင်ပြောင်တင်းတင်းပဲ ချိုးဖောက်တယ်လို့ ယူဆပါတယ်” ဟု ဒေါက်တာထူးနေအောင်က ပြောကြားသည်။

သက်ဆိုင်ရာဝန်ကြီး၏ အဖြေနှင့်ပတ်သက်၍ ဒေါက်တာထူးနေအောင်က ထပ်ဆင့်မေးခွန်းမေးမြန်းခဲ့သော်လည်း သက်ဆိုင်ရာဝန်ကြီးမှာ လွှတ်တော်တို့ တက်ရောက်လာခြင်းမရှိသောကြောင့် ယင်းကိစ္စအား ဥပဒေနှင့်အညီ ဖြစ်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရန်လိုပြီး အစိုးရအဖွဲ့ကက်ဘိနက်အစည်းအဝေးတွင် အမြန်ဆုံးဆွေးနွေး၍ ဖြေရှင်း၍ လွှတ်တော်သို့တင်ပြပေးရန် လွှတ်တော်သဘာပတိအဖြစ် ဆောင်ရွက်သည့်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်စိုးက အစိုးရအဖွဲ့အား ပြောကြားခဲ့သည်။

မြေယာစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူများအနေဖြင့် ဦးခင်မောင်အေးကို မြေစာရင်းပုံစံ-၁၀၅၊ ပုံစံ-၇ ထုတ်ပေးလိုက်ခြင်း၏ နောက်ကွယ်က အကြောင်းတရားများကို ပေါ်လွင်ထင်ရှားစေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အထူးစုံစမ်းစစ်ဆေးရေးစုံခုံအဖွဲ့ ဖွဲ့စည်း၍သော်လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးအပ်၍သော်လည်းကောင်း စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သင့်ကြောင်းနှင့် ပယ်ဖျက်ခဲ့သည့်ရွာမြေ ၅၉ ဒသမ ၈၇ ဧကကို ဒေသခံပြည်သူများ၏ သဘောဆန္ဒအတိုင်း ရွာပိုင်မြေအဖြစ်သာထားရှိရန် ဒေါက်တာထူးနေအောင်က လွှတ်တော်၌မေးခွန်းမေးမြန်းရာတွင် တိုက်တွန်းခဲ့သည်။