မောင်တောမြို့နယ် နယ်စပ်ခြံစည်းရိုးအနီး တစ်ဖက်နိုင်ငံသို့ ခိုးထွက်မည့် ဘင်္ဂါလီခုနစ်ဦးအား ဖမ်းဆီးရမိ

မောင်တောမြို့နယ် နယ်စပ်ခြံစည်းရိုးအနီး တစ်ဖက်နိုင်ငံသို့ ခိုးထွက်မည့် ဘင်္ဂါလီခုနစ်ဦးအား ဖမ်းဆီးရမိ
Published 1 October 2018

မောင်တောမြို့နယ် နယ်စပ်ခြံစည်းရိုးအနီး တစ်ဖက်နိုင်ငံသို့ခိုးထွက်မည့် ဘင်္ဂါ လီခုနစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်စပ်ခြံစည်းရိုးတစ်လျှောက် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် စက်တင်ဘာ ၂၈ ရက် နံနက် ၁ နာရီခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ ခြံစည်းရိုးတိုင်အမှတ် ၃၄၀ နှင့် ၃၅၀ ကြား၌ မသင်္ကာဖွယ် လူ ၁၅ ဦးခန့်အား တွေ့ရှိသဖြင့် ခေါ်ယူခဲ့ရာ တစ်ဖက်နိုင်ငံ ခြံစည်းရိုးအပြင်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး မောင်တောမြို့နေ ဘင်္ဂါလီအမျိုးသမီးများဖြစ်သော မမော်တာဘေဂေါင် (ဘ) ဇော်ကော်ရီယာနှင့် မဒိလာရာဘေဂေါင် (ဘ) နူရ်ရိုလောက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူများအား မေးမြန်းချက်အရ ၎င်းတို့နှင့်အတူ အမျိုးသားခုနစ်ဦး၊ အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း ၁၅ ဦးပါရှိကြောင်း၊ ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ပေးရန် မင်္ဂလာကြီးကျေးရွာအုပ်စု မိကျောင်းတက်ကျေးရွာနေ ရှော်ဖီအာမောက် (ဘ) ဖော်ဇီရာမောက်ဆိုသူအား ငွေကျပ်လေးသိန်း ပေးဆောင်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှေဖြင့်သွားရောက်ရန် ခြံစည်းရိုးမှ တိုးထွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းင်းနေရာအနီးတစ်ဝိုက် ဆက်လက်ရှာဖွေရာ နံနက် ၇ နာရီခွဲခန့်တွင် ဖမ်းဆီးရမိနေရာ၏ အနောက်ဘက်မီတာ ၂၀ ခန့် အကွာရှိ လမုပင်များကြားပုန်းအောင်းနေသည့် ဘင်္ဂါလီအမျိုးသားတစ်ဦး၊ အမျိုးသမီး နှစ်ဦးနှင့် ကလေးနှစ်ဦး၊ စုစုပေါင်းငါးဦးတို့ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၈ နာရီ မိနစ် ၄၀ တွင် အဆိုပါနေရာ၏ အနောက်ဘက်မီတာ ၁၀၀ ခန့်အကွာရှိ နတ်မြစ်ကမ်းစပ်၌ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ရေနစ်သေဆုံးသည်ဟု ယူဆရသော ဘင်္ဂါလီအမျိုးသမီးအလောင်း နှစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၂၇ ရက် နံနက် ၂ နာရီခန့်တွင်လည်း မောင်တောမြို့နယ်၊ မင်္ဂလာကြီးချောင်းဝအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မင်္ဂလာကြီးချောင်းအတိုင်း နတ်မြစ်ဘက်သို့ လှော်ခတ်လာသော လှေတစ်စင်းအားတွေ့ရှိသဖြင့် အချက်ပြခေါ်ယူစစ်ဆေးခဲ့ရာ အာဖီဒူလာအပါအဝင် ဘင်္ဂါလီအမျိုးသားငါးဦးအား အဖြူရောင်ဆာလာအိတ်  ၃၅ အိတ်ဖြင့်ထည့်ထားသော Energy Plus တံဆိပ်ပါ ကွေကာအုပ် ၃၂၅ ထုပ်၊ Rich တံဆိပ်ပါ ကော်ဖီမစ် ၄၂၀၊ Happy တံဆိပ်ပါ တီးမစ် ၂၂၀ ထုပ်၊ ဆေးရွက်ကြီး အမှုန့်သုံးအိတ်၊ ထုံးတစ်အိတ်၊ ကွမ်းသီးနှစ်အိတ်၊ ကွန်မန်ဒိုတံဆိပ်ပါ အချိုရည် ၁၉ ဖာ၊ ရွှေခြင်္သေ့တံဆိပ်ပါ လက်ဖက်ခြောက်ထုပ် ၃၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။