ကသာမြို့နယ်အတွင်း ရှစ်နှစ်ကျော်ကြာ ရေမရှိသည့် လယ်ယာမြေဧက ၂၀၀၀ ကျော်ကို စစ်ကိုင်းတိုင်း ဒေသကြီး၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်အောင် ဖော်ထုတ်မည်ဟု ကသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ကသာမြို့နယ်အတွင်း ရှစ်နှစ်ကျော်ကြာ ရေမရှိသည့် လယ်ယာမြေဧက ၂၀၀၀ ကျော်ကို စစ်ကိုင်းတိုင်း ဒေသကြီး၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်အောင် ဖော်ထုတ်မည်ဟု ကသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 30 September 2018

ကသာမြို့နယ်အတွင်းရှိ ရေမရရှိသည့် လယ်ယာမြေအချို့ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် အတွင်းရှိ ရှစ်နှစ်ကျော်ကြာ ရေမရှိသည့် လယ်ယာမြေဧက ၂၀၀၀ ကျော်ကို စစ်ကိုင်းတိုင်းဒေသကြီး၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်အောင် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ကသာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောကြားသည်။

ကသာမြို့နယ် အတွင်းရှိ ရှစ်နှစ်ကျော်ကြာ ရေမရှိသည့် လယ်ယာမြေ ဧက ၂၀၀၀ ကျော်ကို ကျေးရွာပေါင်း ကိုးရွာမှ ဒေသခံတောင်သူပေါင်း ၁၈၀ ကျော်က ပိုင်ဆိုင်ကြပြီး ယင်းလယ်ယာမြေများ ဖော်ထုတ်ပြီးစီးပါက ဒေသခံများအတွက် အကျိုးပြုမည် ဖြစ်ကြောင်း၊ ဒေသခံ တောင်သူများ၏ လက်ထက်တွင် အဆိုပါ လယ်ယာမြေများနှင့် ပတ်သက်၍ ပုံစံ (၇) ရှိထားကြောင်း ကသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ ကသာမြို့နယ် ဝက်တူးကျေးရွာအုပ်စုမှာ ရှစ်နှစ်ကျော်လောက်ရှိတဲ့ လယ်ယာတွေမှာ ရေမထွက်တဲ့ အခါကျတော့ ဒေသခံတောင်သူတွေမှာ သီးနှံမစိုက်ရဘူး။ လယ်ယာမြေ ဧကပေါင်းကတော့ နှစ်ထောင်ကျော်လောက် ရှိမယ်။တောင်သူပေါင်း ၁၈၀ ကျော်ရှိတယ်။ လယ်တွေမှာ ရေမထွက်တော့ တောင် သူတွေမှာ လယ်မစိုက်ရဘူး။ ဒေသခံတွေမှာ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ အရမ်းဒုက္ခ ရောက်ကြတယ်” ဟု ကသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောကြားသည်။

အဆိုပါ ရှစ်နှစ်ကျော် တောင်သူများ စိုက်ပျိုး၍ မရရှိသေးသည့် လယ်ယာမြေဧက ၂၀၀၀ ကျော်ကို စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၏ အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သိန်းပေါင်း ၂၅၀ ဖြင့် ယင်းလယ်ယာမြေများကို ပြန်လည်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း၊ ဧက ၂၀၀၀ ကျော်သည် နွေရာသီအချိန်၌ စိုက်ပျိုးကြသည့် လယ်ယာမြေများ ဖြစ်ကြောင်း သိရသည်။

ကသာမြို့နယ်ရှိ ရှစ်နှစ်ကျော်ကြာ ရေမရှိသည့် လယ်ယာမြေဧက ၂၀၀၀ ကျော်ကို ပိုင်ဆိုင်ကြသည့် ကျေးရွာပေါင်း ကိုးရွာမှာ ဘွက်ကျေးရွာ၊ ကူးကာကျေးရွာ၊ ကျွံခြံကျေးရွာ၊ ဝင်္ဂရကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ ဒေါင့်ကြီးကျေးရွာ၊ ဝက်တူးကျေးရွာ၊ ကင်မွန်ခြုံကျေးရွာ၊ ပိလဝဟာကျေးရွာ၊ စက်ဆုတ်ကျေးရွာ စသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent