စစ်တွေမြို့လယ်ရှိ ဝင်္ကဘာကွင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

စစ်တွေမြို့လယ်ရှိ ဝင်္ကဘာကွင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး
Published 26 September 2018

စစ်တွေမြို့လယ်ရှိ ဝင်္ကဘာကွင်းတွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်က အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးရှေ့နားရှိ ဝင်္ကဘာကွင်းထောင့် နားနေဆောင်နှင့် ကပ်ရပ်တွင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦး သေနတ်ထိမှန်ခဲ့ကြောင်း သိရသည်။ အဆိုပါဒဏ်ရာရ အမျိုးသားအား ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ပစ်ခတ်ခံရသူမှာ ဆေးရုံသို့မရောက်မီ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း လတ်တလော စုံးစမ်းမှုအရ သိရသည်။

ကနဦး စုံစမ်းသိရှိရသော သတင်းအချက်အလက်များအရ သေဆုံးသူမှာ စရဖ တပ်ဖွဲ့ဝင် ဖိုးလုံး(ခ)ဝင်းထိုက် အသက် ၃၅ နှစ်ဝန်းကျင်ခန့်ရှိသူ ဖြစ်ကြောင်းလည်း သိရသည်။

၎င်းမှာ စစ်တွေစရဖတပ်ဖွဲ့တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ လက်ရှိအချိန်တွင် တာဝန်မှ ပြောင်းရွှေ့ခံထားရသူ ဖြစ်ကြောင်း သိရပြီး ယင်းနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အခင်းဖြစ်စဉ်အတွင်း လူတစ်ဦးမှ အနီးကပ် ပစ်ခတ်သွားသည်ဟုသာ ယူဆရကြောင်း၊ ဖိုးလုံးနှင့်ဇနီးမှာ ဝင်္ကပါကွင်းတွင်း ဖွင့်လှစ်မည့် ဈေးပွဲတော်သို့ လာရောက်လည်ပတ် ကြည့်ရှုခြင်း ဖြစ်နိုင်ကြောင်းတို့ကိုမူ အခင်းဖြစ်နေရာ အနီးဝန်းကျင်တွင် ရှိနေသူများ၏ ပြောပြချက်အရ သိရသည်။

“25.9.2018 ရက်နေ့ ၉ နာရီ ၁၅ မိနစ်အချိန်မှာ အမှတ်(၁) စစ်ဖက်ရေးရာ လုံခြုံရေးအကူတပ် ရန်ကုန်ကနေ ခွင့်မဲ့ပျက်ကွက်နေတဲ့ တပ်ကြပ်ဝင်းထိုက် သူ့ဇနီး မမွေးဇာနည်အောင်နဲ့ သူ့သမီးငယ်တို့က စစ်တွေ ရွာကြီးတောင်ရပ်ကွက် ဘုရားကြီးအနီးရှိ ဝင်္ကဘာကွင်းမှာ ဈေးသွားဝယ်ရင်းနဲ့ အပြန်မှာ တပ်ကြပ်ဝင်းထိုက်က ရပ်ထားတဲ့ ဆိုင်ကယ်ကို သွားယူနေတဲ့အချိန်မှာ အဲဒီဆိုင်ကယ်နားမှာ နောက်ကနေ လူတစ်ဦးက သေနတ်နဲ့ တစ်ချက်ပစ်သွားတာ ခေါင်းကို။ ဆေးရုံကိုရောက်တဲ့ အချိန်မှာ သူက အသက်မရှိတော့ဘူး အဲဒါကို ကျွန်တော်တို့ ဒီစစ်တွေ နယ်မြေရဲစခန်း (ပ) ၉၀/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်။ အမျိုးသမီးကတော့ ဘာမှထိခိုက်ဒါဏ်ရာတော့မရှိဘူး။ တရားခံကို လက်ရှိ စုံစမ်းရှာဖွေနေပါတယ်” ဟု စစ်တွေမြို့ အမှတ်(၂)နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်အေးကျော် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းသို့ မေးမြန်းခဲ့သော်လည်း ည ၁၁ နာရီခွဲ အချိန်ထိ အဆိုပါ သတင်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။ အခင်းဖြစ်ပွားသော နေရာသည် စစ်တွေမြို့ အမှတ်(၂) ရဲစခန်းအပိုင်နယ်မြေ ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့ဝင်များ လာရောက် သတင်းယူခြင်း၊ မှတ်တမ်းတင်ခြင်းများနှင့် အခင်းဖြစ်စဉ်များအား ရေးသားပြုစုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် လူတစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ ထပ်မံသိရှိရသော သတင်းအချက်အလက်များ ဆက်လက်ဖော်ပြ ပေးသွားမည်ဖြစ်သည်။