မန်းရွှေစက်တော်ဘုရား ရွှေမိုက်ထုတ်ခြင်းမှ သန့်စင်ရွှေသား ၂၉ ကျပ်သားကျော် ရရှိ

မန်းရွှေစက်တော်ဘုရား ရွှေမိုက်ထုတ်ခြင်းမှ သန့်စင်ရွှေသား ၂၉ ကျပ်သားကျော် ရရှိ
Published 24 September 2018

ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲကာ လအတွင်းရရှိသည့် စွန့်ပစ်ရွှေလှောင်စက္ကူ များကိုပြာချပြီး သန့်စင်ရွှေသားထုတ်ယူမှု ပြုလုပ်ရာ သန့်စင်ရွှေသား ၂၉ ကျပ် သားကျော် ရရှိခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားမှ ရွှေမိုက်ထုတ်ခြင်းကို ယခုနှစ်တွင် မန္တလေး မဟာမုနိဘုရား တွင် နှစ်စဉ်ရွှေမိုက်ထုတ်ယူခြင်းဆောင်ရွက် ပေးသည့် မိုက်သူကြီး ဦးအောင်မိုးအဖွဲ့က သွားရောက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကာ  ရွှေမိုက်ထုတ်ယူခြင်းကို စက်တင်ဘာ ၁၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေစက်တော် ဘုရားပွဲကာလအတွင်း လှူဒါန်းသူတွေရဲ့ စွန့်ပစ်ရွှေလှောင်စက္ကူတွေကို စုထားပြီး ရွှေမိုက်ထုတ်ယူခဲ့တာပါ။ အရင်က ဘုရားဂေါပကအနေနဲ့ လေလံအပြတ် ရောင်းခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ကနေစပြီး ရွှေမိုက်ထုတ်ယူစုဆောင်းတာလုပ်ခဲ့တာ ဖြစ်တယ်။ မနှစ်ကလည်း ရွှေ ၂၀ ကျပ်သားကျော် ရခဲ့ပြီး ဒီနှစ်မှာ မနှစ်ကထက် ပိုရတယ်။ ဒါတောင် စုဆောင်းထားတဲ့ မိုက်ပစ္စည်းက ဘုရားကြီးလို အမျိုးအစားအများကြီးမဟုတ်ဘဲ ရွှေလှောင်စက္ကူတစ်မျိုးတည်းကပဲ ထုတ်ယူခဲ့တာဖြစ်ပါတယ်”ဟု မိုက်သူကြီး ဦးအောင်မိုးက ပြောကြားသည်။

သန့်စင်ရွှေသားထုတ်ယူခြင်းကို ဂေါပကအဖွဲ့က ပေးအပ်သည့် ရွှေလှောင်စက္ကူ အိတ် အလုံး ၃၀ အလေးချိန် ၁၃၇ ပိဿာ ၄၁ ကျပ်သား၊ ခြေတော်ရာအတွင်း မြေမှုန့် ခြောက်ပိဿာ လေးကျပ်သားကို မီးရှို့ပြာချခဲ့ရာ ပြာ အလေးချိန် ၃၃ ပိဿာရရှိခဲ့ပြီး ယင်းပြာ ၃၃ ပိဿာကို ပေါင်းထိုးဘိုင်ကိုင်၍ မကျွတ်ရွှေ ထုတ်ယူခြင်းပြုလုပ်ရာတွင် မကျွတ်ရွှေ ၃၄ ကျပ် ခြောက်ပဲရရှိခဲ့ကြောင်း၊ မကျွတ်ရွှေအား မီးလင်းအဆင့်ရောက်အောင် ရွှေလှော်ခြင်း လုပ်ငန်းဆောင်ရွက်ရပြီး အပြီးသတ်တွင် သန့်စင်မီးလင်းရွှေသား ၂၉ ကျပ် ၉ ပဲ၂ ရွေးတိတိ ထုတ်လုပ်ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent