လာမည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဝါစိုက်တောင်သူများထံ ဝါမျိုးစိတ်အသစ်နှစ်မျိုး ဖြန့်ဝေပေးမည်

လာမည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဝါစိုက်တောင်သူများထံ ဝါမျိုးစိတ်အသစ်နှစ်မျိုး ဖြန့်ဝေပေးမည်
Published 15 September 2018

မန္တလေးတိုင်းဒေသကြီးရှိ ဝါလုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ မျိုးခြံများမှ စမ်းသပ်အောင်မြင်ခဲ့သော ဝါမျိုးစိတ်အသစ် နှစ်မျိုးကိုလာမည့်နှစ်တွင် ဝါစိုက်တောင်သူများထံ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုသီးနှံစိုက်ပျိုးပညာပေးရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ ရွှေတောင်ခြံနှင့် လွန်ကျော်ခြံမှ စမ်းသပ်အောင်မြင်ခဲ့သော ဝါမျိုးစိတ်အသစ်နှစ်မျိုးဖြစ်သည့် ရွှေတောင် ၁၀၊ ငွေ ချည် ၁၁ မျိုးသစ် နှစ်မျိုးကိုသက်ဆိုင်ရာ မျိုးစေ့ကော်မတီများသို့ တင်ပြသွားပြီး လာမည့်နှစ်တွင် ဝါ စိုက် တောင်သူများထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မန္တလေးတိုင်းဒေသကြီးထဲမှာရှိတဲ့ ရွှေတောင်ခြံရယ်၊ လွန်ကျော်ခြံရယ်က ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိ ရှိနေတာသည် ငွေချည် ၆၊ ရွှေတောင် ၈၊ ငွေ ချည် ၉ ဖြစ်ပါတယ်။ ခုဆက်ပြီးထုတ်လုပ်မယ့် မျိုး နှစ်မျိုးနာမည်ကတော့ ရွှေတောင် ၁၀ နဲ့ ငွေချည် ၁၁ ဖြစ်ပါတယ်။ ဒီနှစ်မျိုးက ကျွန်တော်တို့ခြံတွေမှာ စမ်းသပ်စိုက်ပျိုးပြီး အောင်မြင်မှု ရထားပြီးသားဖြစ်တဲ့အတွက် လာမည့်နှစ်တွေမှာ တစ်နိုင်ငံလုံး ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုသီးနှံ စိုက်ပျိုးပညာပေးရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ပြောကြားသည်။

စမ်းသပ်အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သော ဝါ မျိုးစိတ်အသစ်နှစ်မျိုးဖြစ်သည့် ရွှေတောင် ၁၀၊ ငွေချည် ၁၁ သည် လက်ရှိ စိုက်ပျိုးနေသော ဝါမျိုးစိတ်များဖြစ်သည့် ငွေချည် ၆ ၊ရွှေတောင် ၈၊ ငွေချည် ၉ တို့နှင့် အရည်အသွေးအပိုင်းနှင့် အထွက်နှုန်း အပိုင်းတွင် ကွားခြားမှုမရှိသော်လည်း ရာသီဥတုဒဏ်နှင့် ပိုးမွားဒဏ်ကိုပိုမိုခံနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုသီးနှံစိုက်ပျိုးပညာပေးရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ဆက်လက်ပြောကြားသည်။

“မျိုးတစ်ခုကိုထုတ်လုပ်မယ်ဆို အရင်မျိုးတွေထက် သာလွန်ကောင်းမွန်မှလည်း ပြည်သူလုထု တောင်သူတွေက လက်ခံကြမှာပါ။ ခုထုတ်ထားတဲ့ မျိုးနှစ်မျိုးကအရင် ထုတ်ထားတဲ့ မျိုးတွေနဲ့စာလို့ရင် အရည် အသွေးအပိုင်း၊ အထွက်နှုန်းပိုင်းမှာ တအားကြီး ကွာခြားမှု မရှိပေမယ့်လည်း ရောဂါပိုးဒဏ်ခံနိုင်တယ်။ သီးလုံးပေါက်ပိုးဒဏ် ခံနိုင်တဲ့နေရာမှာ ပိုပြီးကောင်းမွန်လာတဲ့အတွက် တောင်သူဘက်ကတော့ စိုက်ရ၊ ပျိုးရ လွယ်လာတယ်။ ဆေးသုံးတဲ့ အပိုင်းမှာရော ပိုပြီး လျော့ကျသွားမှာ ဖြစ်ပါတယ်”ဟု မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုသီးနှံစိုက်ပျိုးပညာပေးရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် လယ်ယာ၊ ဆီထွက် ပဲမျိုးစုံဥယျာဉ်ခြံစက်မှု ကုန်ကြမ်းသီးနှံများ အမယ်စုံလင်စွာ စိုက်ပျိုး ထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခု ဖြစ်ပြီး နှစ်စဉ်သီးနှံအမယ် (၁၀)မျိုးအား စိုက် ဧက သိန်း ၅၀ ကျော် စိုက်ပျိုးထုတ်လုပ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းအနက်မှ စက်မှုကုန်ကြမ်း သီးနှံတစ်မျိုးဖြစ်သည့် ချည်မျှင်ရှည်ဝါသီးနှံကို ဒုတိယအများဆုံးစိုက်ပျိုး ထုတ်လုပ်သောတိုင်းဒေသကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ဝါမျိုးစုံ ၁၈၁၉၇၉  ဧက စိုက်ပျိုးနိုင်ခဲ့သော်လည်း လျာထားချက်ကို အကောင်အထည်ဖော်နိုင်မှုအနေဖြင့် ၇၀ ဒသမ ၁၈ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယင်းစိုက်ဧကအနက် ချည်မျှင်ရှည်ဝါ စိုက် ဧက ၁၅၉၉၃၁ ဧက ပါဝင်ကြောင်း သိရသည်။