ထားဝယ်-မြိတ် လမ်းပိုင်းပေါ်ရှိ သဲချောင်းသား ကျေးရွာတွင် မီနီဘတ်စ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ထားဝယ်-မြိတ် လမ်းပိုင်းပေါ်ရှိ သဲချောင်းသား ကျေးရွာတွင် မီနီဘတ်စ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
Published 12 September 2018

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - ဇမ္ဗူမေတ္တာအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်-မြိတ် လမ်းပိုင်းပေါ်ရှိ ထားဝယ်မြို့မှ မိုင် ၃၀ ကျော်ခန့်အကွာ သရက်ချောင်းမြို့နယ် သဲချောင်းသား ကျေးရွာတွင် စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်က မီနီဘတ်စ်နှင့်    ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိရာမှ လူငယ်နှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့်နေရာမှာ ထားဝယ်-မြိတ် အဝေးပြေး လမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ် သဲချောင်းသား ကျေးရွာတွင်ဖြစ်ပြီး ထားဝယ်ဘက်မှလာသည့် မီနီဘတ်စ်ကားနှင့် မြိတ်ဘက်မှလာသော လူငယ်သုံးဦး စီးနင်းလာသည့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကြောင့် လူငယ်သုံးဦး စီးလာသည့် ဆိုင်ကယ်ပေါ်မှ နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံး၍ တစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိကာ ရငဲတိုက်နယ် ဆေးရုံမှတစ်ဆင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။

“အခင်းဖြစ်တာကတော့ ၁၁ နာရီခွဲလောက်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးဆီ သတင်းဝင်လာတော့ ကျွန်တော်တို့ကို အကြောင်း ကြားလိုက်တယ်။ ဆိုင်ကယ်နဲ့ကား တိုက်တယ်ဆိုတော့ ကျွန်တော်တို့ တက်လိုက်သွားတဲ့ အချိန်မှာ အခင်းဖြစ်နေရာမှာ နှစ်ယောက်က သေတယ်။ အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်။ ဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့ရွာက ၁၀ မိုင် လောက်ဝေးတော့ ကျွန်တော်တို့တက် လိုက်သွားတဲ့အချိန်မှာ အခြားကားတစ်စီးကနေ မသေသေးတဲ့ တစ်ယောက်ကို သယ်လာပေးတော့ လမ်းမှာကျွန်တော်တို့နဲ့ လူနာလွှဲတယ်။ ပြီးတော့ ရငဲဆေးရုံကို သယ်လာပေးတယ်။ ပြီးတော့ ကျွန်တော်တို့နဲ့ မိတ်ဖက်အဖွဲ့ဖြစ်တဲ့ ကနက်သီရိရွာက ဖြူစင်မေတ္တာအဖွဲ့ကို အကြောင်းကြားပြီး သူတို့ကားတစ်စီးနဲ့ အလောင်းနှစ်လောင်းကို ရငဲဆေးရုံဆီ သယ်လာပေးတယ်။ မသေတဲ့ တစ်ယောက်ကို ရငဲဆေးရုံလာပို့တော့ သူ့မှာ ဦးခေါင်းဒဏ်ရာရတယ်၊ ခြေကျိုးတယ်၊ ဦးနှောက်မှာ လေးနေရာလောက်ကွဲတယ်။ ဆရာဝန်တွေက ဆေးတွေထည့်ပေး၊ ကျိုးနေတဲ့ ခြေထောက်ကို ကြပ်ထုပ်စည်းပြီးတော့ ကျွန်တော်တို့က ထားဝယ်ဆေးရုံကို ပို့ပေးလိုက်တယ်။ အဲဒီလူနာကတော့ ယူသွားတုန်းက သတိမေ့နေပေမယ့် အခုတော့ သတိရသွားပြီ။ သေသွားတဲ့ သူတွေကတော့ အတွင်းကြေ ဒဏ်ရာလို့ပဲ ပြောရမှာပေါ့။ ဦးခေါင်းခွံ ကွဲတာတွေရှိတယ်။ သုံးယောက်စလုံး အသက် ၁၇၊ ၁၈ အရွယ်တွေပါ။ သေတဲ့သူတွေကို ရငဲဆေးရုံ ရေခဲတိုက်ထဲ ထည့်ထားတယ်” ဟု ဇမ္ဗူမေတ္တာ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ (ရငဲရွာ) မှ ဥက္ကဋ္ဌဖြစ်သူ ဦးညီညီမင်းက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် မီနီဘတ်စ်မှာ ရန်ကုန်ဘက်မှ ဘုရားဖူးလာရောက်သည့် ယာဉ်ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်၏အရှေ့ဘက်ခြမ်း ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါသူများ ထိခိုက်သူ မရှိခဲ့ကြောင်း၊ အခင်းဖြစ်သည့် နေရာတွင် ယင်းမီနီဘတ်စ်မှာ ယာဉ်ကြော၏ ဘယ်ဘက်အခြမ်းသို့ သုံးပုံတစ်ပုံခန့် ရောက်ရှိနေပြီး လူငယ်သုံးဦးမှာ လမ်း၏ညာဘက် အခြမ်းတွင် လဲကျနေသည်ကို တွေ့ခဲ့ရကြောင်း၊ ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် လူငယ်သုံးဦးမှာ သဲချောင်းသားရွာတွင် နေထိုင်သူများ ဖြစ်သည်ဟု ဦးညီညီမင်းက ပြောကြားသည်။ ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်ကလည်း အဆိုပါ ထားဝယ်-မြိတ် လမ်းပိုင်းပေါ်ရှိ  သရက်ချောင်းမြို့နယ် ကဇိတံတားဦး ကျေးရွာတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားပြီး အမျိုးသမီး တစ်ဦးနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း၊ ယင်း ထားဝယ်-မြိတ် လမ်းပိုင်းပေါ်ရှိ သရက်ချောင်းမြို့နယ် အပိုင်းတွင် ယခုနှစ်ပိုင်းအတွင်း ယာဉ်တိုက်မှုနှင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး လူသေဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent