စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းတွင် ကုန်တင်ကုန်ချ ပြုလုပ်နိုင်သောဆိပ်ကမ်း၊ River View Hotel စားသောက်ဆိုင်များပါသည့် ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုလုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေ

စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းတွင် ကုန်တင်ကုန်ချ ပြုလုပ်နိုင်သောဆိပ်ကမ်း၊ River View Hotel စားသောက်ဆိုင်များပါသည့် ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုလုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေ
Published 2 September 2018

စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းတွင် ကုန်တင်ကုန်ချ ပြုလုပ်နိုင်သောဆိပ်ကမ်း၊ River View ဟိုတယ်၊ စားသောက်ဆိုင်များပါသည့် ဖွံ့ဖြိုးရေး စီမံကိန်းတစ်ခု လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

စစ်ကိုင်းမြို့ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဧရာဝတီမြစ်ကမ်းတွင် River View Hotel များ၊ River View Restaurant များနှင့် ကုန်တင်ကုန်ချ ပြုလုပ်နိုင်မည့် ဆိပ်ကမ်းများ ဆောင်ရွက်သွားရန် ဧရာဝတီမြစ်ဘေးရှိ အချက်အချာကျမည့် နေရာများကို ရှာဖွေဖော်ထုတ်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

“စစ်ကိုင်းမြို့ ဖွံ့ဖြိုးတိုးတက်ဖို့ ဒီဧရာဝတီမြစ်ကြီးကို အသုံးပြုဖို့လိုတယ်။ ဘယ်လို အသုံးပြုမလဲဆိုတော့  River View Hotel၊ River View Restaurant တွေ ရှိဖို့လိုတယ်၊ ဒါက ခရီးသွားလုပ်ငန်း အတွက်ပေါ့။ နောက်တစ်ခါ စစ်ကိုင်းမြို့မှာ သင်္ဘောဆိပ်ခံကောင်းကောင်း တစ်ခုရှိဖို့လိုတယ်။ အရင်က ရှိခဲ့ရာက တဖြည်းဖြည်း ပပျောက်သွားပြီး မန္တလေးမှာပဲ သင်္ဘောတွေ သွားကပ်ကုန်တယ်။ Hotel နဲ့ စားသောက်ဆိုင်တွေအတွက် River View ရှိနိုင်မဲ့ နေရာတွေ ရှာဖွေဖော်ထုတ်ဖို့ စဉ်းစားထားပါတယ်။ Develop0er ခေါ်ဖို့နဲ့ ပြည်ထောင်စု အစိုးရအဆင့် တင်ပြဖို့လည်း ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်က စဉ်းစားထားတဲ့ အစီအစဉ်ပဲ ရှိပါသေးတယ်။ တကယ်အကောင်အထည် ဖော်လာတဲ့အခါကျရင် အားလုံးကို ချပြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရကိုတင်ပြပြီး ခွင့်ပြချက်ရယူပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်က ပြောကြားသည်။

ဧရာဝတီတံတား (ရတနာပုံ) တည်ဆောက်ပြီးသည့် အချိန်မှစ၍ မန္တလေးဘက်မှ ကုန်စည်များ စစ်ကိုင်းဘက်သို့ စီးဝင်လာကြောင်း စစ်ကိုင်းတိုင်း၏ ဝင်ပေါက်ထွက်ပေါက်မြို့ဖြစ်သော စစ်ကိုင်းမြို့တွင်ဆိပ်ကမ်း တစ်ခုရှိမည် ဆိုပါက ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း၊ မန္တလေးဆိပ်ကမ်းတွင် ရေယာဉ်ဆိုက်ကပ်သည့် နေရာအခက်အခဲ ပြဿနာများအား ဖြေရှင်းနိုင်မည်ဖြစ်ပြီး စစ်ကိုင်းမြို့တွင် တိုက်ရိုက်ကုန်စည် ချသွားနိုင်မည် ဆိုပါက ကုန်စည်ဈေးနှုန်းများ အထိုက်အလျောက် လျော့ကျသွားနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

စစ်ကိုင်းမြို့ ဧရာဝတီမြစ်ဘေးရှိ အချက်အချာကျမည့် နေရာများအား ရှာဖွေဖော်ထုတ်၍ ပြုလုပ်ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အဆင့်ဆင့်တင်ပြ ဆောင်ရွက်၍ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြုလုပ်ဆောင်ရွက်ခွင့် ရရှိပါက အများပြည်သူအား ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။