ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဦးဝင်းလွင်နှင့် တွေ့ဆုံခြင်း

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဦးဝင်းလွင်နှင့် တွေ့ဆုံခြင်း
Published 8 July 2017

ဆေးလိပ်နဲ့ပတ်သက်ရင် Secondary Smoker တွေအနေနဲ့ ဘယ်လောက်ထိ ကျန်းမာရေးပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေရှိနိုင်သလဲ ဆိုတဲ့အပိုင်းကို သုတေသနပြုထားနိုင်မှုအရ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ပြောဆိုသုံးသပ်နိုင်ခြင်း မရှိသေးပါဘူး။ တကယ်တော့ ဆေးလိပ်ကြောင့် ထိခိုက်ရမှုဟာ ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ရပ်မှာ ရှိနေပါတယ်။ ရန်ကုန်မြို့မှာ ဆေးလိပ်ကင်းစင်နယ်မြေ သတ်မှတ်ဖို့ လုပ်ဆောင်မှု ဆေးလိပ်နှင့်ပတ်သက်ပြီး ကျန်းမာရေးရှုထောင့်မှ သုံးသပ်မှုများကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဦးဝင်းလွင်နဲ့ တွေ့ဆုံမေးမြန်းချက်ကို ပြန်လည်ဖော်ပြအပ်ပါတယ်။

 

မေး - ဆေးလိပ်ကင်းစင်နယ်မြေ ရန်ကုန်မှာသတ်မှတ်မယ့်အကြောင်းကို ပြောပြပေးပါ။

ဖြေ - ပြည်သူ့ကျန်းမာရေးဦးစီးဌာနရယ်၊ တိုင်းဒေသကြီးဦးစီးဌာန ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းအဖွဲ့ရယ် နောက် တခြား ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပေါင်းပြီး ရန်ကုန်တိုင်းအနေနဲ့ ဆေးလိပ်ကင်းစင်နယ်မြေလုပ်ဖို့အတွက် ပူးပေါင်းစီစဉ်ထားပါတယ်။ ဆေးလိပ်ကင်းစင်ဖို့နေရာမှာ အရေးကြီးတာက Secondary Smoker ပေါ့နော်။ ကိုယ်ကိုတိုင်က မသောက်ဘဲ ရှူလိုက်တာက တော်တော်လေးဆိုးပါတယ်။ ကြိုက်တတ်တဲ့ သူကသောက်ပြီး သူ့ဘာသာရောဂါဖြစ်တာက အရေးမကြီးဘူး။ ရှူရတဲ့သူကျတော့ မသောက်ဘဲနဲ့ သူ့မှာရောဂါရနေရတယ်။ဆေးလိပ်ကင်းစင်နယ်မြေ ဖန်တီးတာကလည်း ပတ်ဝန်းကျင် သန့်ရှင်းဖို့ပါ။ လေထုညစ်ညမ်းတာကို ကာကွယ်ဖို့လည်းပါပါတယ်။ Secondary Smoker တွေကို ကာကွယ်ပေးဖို့ပါ။ Smoke Free ဧရိယာတွေ သတ်မှတ်မှာ။  ဒါကလည်း သတ်မှတ်ပြီးသားတွေရှိပါတယ်။ အအေးခန်းစားသောက်ဆိုင်တွေ ဒါကလည်း လုံတာကိုး။ အများပြည်သူသုံးနေရာတွေကအစ ဆေးလိပ်မသောက်ရမယ့် နေရာတွေ သတ်မှတ်သလို ဆေးလိပ်သောက်နိုင်တဲ့ နေရာတွေလည်း သတ်မှတ်ပေးထားပါတယ်။ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေမှာလည်း ဆေးလိပ်သောက်တတ်တဲ့သူတွေအတွက် ဆေးလိပ်သောက်နိုင်တဲ့နေရာတွေ ထားထားပါတယ်။

 

မေး - ဆေးလိပ်မသောက်ရ နယ်မြေ သတ်မှတ်တဲ့နေရာမှာလည်း ဘယ်လိုနေရာတွေကို ရွေးချယ်ပေးထားလဲ။

ဖြေ - လွယ်တယ်လည်း ပြောလို့ရသလို စိန်ခေါ်မှုတွေလည်း အများကြီးရှိပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ကာကွယ်တားဆီးရေး ဥပဒေဆိုတာ ရှိပါတယ်။ ၂၀၀၅ ခုနှစ်မှာ စမ်းသပ်ကာလဆိုပြီး ၂၀၀၆ ခုနှစ် မေ ၄ ရက် ကတည်းက တိတိကျကျပြဋ္ဌာန်းပေးထားပါတယ်။ ဒါပေမဲ့ လိုက်နာမှု အားနည်းတော့ တိတိကျကျ လိုက်နာနိုင်အောင် ဆောင်ရွက်မယ်ဆိုရင်လည်း စိန်ခေါ်မှုကိုကျော်လွှားနိုင်မှာပါ။ နောက်တစ်ခု စပ်ကူးမပ်ကူးကာလ မှာတော့ ပထမခြေလှမ်းတော့ စလှမ်းရမှာပဲ။ စလှမ်းပြီး ခြေလှမ်းပေါင်းသန်းပေါင်းများစွာ လှမ်းရမှာပေါ့။ ကျွန်တော်တု့ိ အခုသတ်မှတ်တာက ပန်းခြံ၊ တက္ကသိုလ်၊ ကျောင်းတွေ။ အခုလည်း စနေပါပြီ။ ဆေးတက္ကသိုလ် ၁ ၊ ၂။ သွားဆေးတက္ကသိုလ်တွေမှာ စနေပါပြီ။ ဒီလိုပဲ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တွေက အစလုပ်မှာပါ။ နောက်တစ်ခုက ဘာသာရေးနဲ့နှီးနွှယ်တဲ့ အဆောက်အအုံတွေကို ဆေးလိပ်မသောက်ရ နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ ယဉ်ကျေးမှုအဆောက်အအုံတွေကအစ သတ်မှတ်မှာပါ။ မြို့နယ်အနေနဲ့ ကျောက်တံတားကို ရည်ရွယ်ထားပါတယ်။

 

မေး - ဆေးလိပ်သောက်တာနဲ့ပတ်သက်ပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနေနဲ့ ပြည်သူတွေကို အသိပညာပေးတဲ့အပိုင်းကို ပြောပြပေးပါ။

ဖြေ - စာသင်ကျောင်းတွေမှာ ဆေးလိပ်ဆေးရွက်ကြီးကြောင့်ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို ပညာပေးဟောပြောပေးပါတယ်။ ဆေးလိပ် ဆေးရွက်ကြီးနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေလည်း ကြော်ငြာခွင့်မပြုထားပါဘူး။ တချို့နေ ရာတွေမှာတော့ ဆိုင်တွေမှာ Promotion ဆင်းနေတာတွေ တွေ့ရပါတယ်။ ဥပဒေက ရှိပြီးသားပါ။ တချို့နေရာတွေကတော့ အားနည်းနေတုန်းပါပဲ။ နောက်တစ်ခုက ဆေးလိပ်ထုတ်တဲ့ ကုမ္ပဏီတွေအနေနဲ့လည်း ဆေးလိပ်ဘူးမှာ Brand နာမည်တွေကို ရာခိုင်နှုန်း ၂၀ ပဲ ကြော်ငြာခိုင်းပြီး ရာခိုင်နှုန်း ၈၀ ကို ဆေးလိပ်သောက်လို့ဖြစ်တဲ့ ပါးစောင်ကင်ဆာဖြစ်နိုင်တဲ့ပုံ တွေကိုဖော်ပြထားပါတယ်။ ဒီဟာလုပ်တာ တော်တော်လေး ခရီးရောက်နေပါပြီ။