ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာတစ်သန်း တည်ဆောက်မည်ဖြစ်ပြီး လိုအပ်သည့် အာမခံဆိုင်ရာများနှင့် ပတ်သက်၍ လေးနိုင်ငံ ပူူးပေါင်း ဆောင်ရွက်ရန် MoU ရေးထိုး

ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာတစ်သန်း တည်ဆောက်မည်ဖြစ်ပြီး လိုအပ်သည့် အာမခံဆိုင်ရာများနှင့် ပတ်သက်၍ လေးနိုင်ငံ ပူူးပေါင်း ဆောင်ရွက်ရန် MoU ရေးထိုး
Published 30 August 2018

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အိမ်ရာတစ်သန်း စီမံကိန်းအတွက် လိုအပ်သည့် အာမခံဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် မြန်မာ၊ ဂျပန်၊ ဂျာမနီနှင့် မလေးရှားနိုင်ငံ တို့သည် သြဂုတ် ၂၈ ရက်က မြန်မာ့အာမခံလုပ်ငန်း အစည်းအဝေးခန်းမ၌ နားလည်မှုစာချွန်လွှာ MoU ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်ရခြင်းမှာ နိုင်ငံတော်အတွက် အိုးအိမ်သည် အမှန်တကယ် လိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အိုးအိမ်များ ပိုင်ဆိုင်နိုင်ရန်အတွက်အာမခံလုပ်ငန်းက မဖြစ်မနေ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးက ပြောကြားသည်။

“အဓိက ကတော့ နိုင်ငံတော်က ဆောက်လုပ်မယ့် အိမ်ရာစီမံကိန်းတွေပေါ့။ အိမ်ရာတစ်သန်း ဆောက်လုပ်ဖို့ ၂၀၃၀ အထိ ရည်ရွယ်ချက် ထားပါတယ်။ အဲဒီအတွက်ကို နိုင်ငံပိုင်ဖြစ်တဲ့ မြန်မာ့အာမခံ လုပ်ငန်းကနေ အိမ်ရာ ဝယ်ချင်တဲ့ သူတွေအတွက်ကို အာမခံပေါ့။ အိမ်ရာဝယ်ဖို့ အရစ်ကျနဲ့ ငွေသွင်းမယ်။ သွင်းနေတဲ့အချိန်မှာ အိမ်ထောင်ဦးစီးက အကြောင်းမလှလို့ ဆုံးပါးသွားမယ်။ ဒါမှမဟုတ်ရင် ထာဝစဉ် မသန်မစွမ်း ဖြစ်သွားမယ်ဆိုရင် မြန်မာ့အာမခံလုပ်ငန်းက ဒါကို အာမခံထားတဲ့ ကုမ္ပဏီက ဆက်ပြီး ငွေသွင်းပေးသွားမယ်။ အိမ်ရာကတော့ သူတို့ပဲရမှာပါ” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ပေးသွင်းရမည့် ပရီမီယံကြေးနှုန်းထား၊ ချေးမည့် ငွေပမာဏ၊ မည်သည့် အခြေအနေမျိုးတွင် လျော်ကြေးရမည် စသည့် အချက်အလက်များ အသေးစိတ်ညှိနှိုင်းဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အိမ်ရာ ဝယ်ယူသူများအတွက် ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်သည့် DI Tokyo က ချေးငွေချေးမည်ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် ချေးမည်ဖြစ်ကြောင်း သိရသည်။ “ဆရာမတို့အနေနဲ့ အိမ်ရာနဲ့ ပတ်သက်လို့ကတော့ ဒါက ပထမဦးဆုံး လုပ်ဆောင်တာပေါ့။ အိမ်ရာ တစ်သန်း ဆိုတော့ ကိုယ်ယူရမယ့် အန္တရာယ်က နည်းနည်းများတော့ ဒါကိုပြန်ပြီး နိုင်ငံခြားတစ်ဆင့် အာမခံဈေးကွက်မှာ ပြန်ပြီးတော့ တစ်ဆင့်ခံ အာမခံကုမ္ပဏီပေါ့။ သူကတော့ ဂျာမနီ။ သူ့ဆီမှာ တစ်ဆင့် အာမခံပြန်ထားမယ်။ မလေးရှားနိုင်ငံကတော့ ဘယ်ပရောဂျက်ဆို ဘယ်လောက် Risk များတယ် ဆိုပြီးတော့ စုဆောင်းမှု အန္တရာယ်တွေကို တွက်ချက်ပေးမယ်။ ပရောဂျက်က အသေးစိတ်တော့ ဆွေးနွေးနေပြီ။ ပြီးတော့ စောနိုင်သမျှ စောအောင် စပါ့မယ်” ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဂျပန်၊ ဂျာမနီ၊ မလေးရှားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အိမ်ရာ တစ်သန်း စီမံကိန်းအတွက် လိုအပ်သော အာမခံဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြု နိုင်ငံတကာ အာမခံလုပ်ငန်းများနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ အဓိက လိုအပ်ချက်ဖြစ်သော အိမ်ရာပိုင်ဆိုင်မှုများတွင် များစွာ အထောက်အကူပြုကြောင်း ၎င်းက ပြောကြားသည်။