မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း အလယ်ပိုင်းဒေသအချို့၌ မိုးခေါင်နေပြီး ဆည်နှင့်ကန်အချို့ ရေခန်းခြောက်နေ

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း အလယ်ပိုင်းဒေသအချို့၌ မိုးခေါင်နေပြီး ဆည်နှင့်ကန်အချို့ ရေခန်းခြောက်နေ
Published 27 August 2018

ခင်ဦးမြို့နယ်အတွင်းရှိ ပင်တင်းရေလှောင်ကန်တွင် ရေခန်းခြောက်နေသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း အလယ်ပိုင်းဒေသအချို့၌ မိုးခေါင်နေပြီး ဆည်နှင့် ရေကန်အချို့ ရေခန်းခြောက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံတောင်သူ များမှာ ရာသီချိန်အမီ သီးနှံများ စိုက်ပျိုးရန်အတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသအချို့တွင် မိုးရေကိုသာ အဓိကအားထား စိုက်ပျိုးနေရသည့် ဒေသခံတောင်သူများမှာ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးသဖြင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးထွန်ယက်ရန်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးရွာသွန်းမှု နည်းပါးနေခြင်းကြောင့် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးနိုင်သည့် တောင်သူများသာ မိုးစပါး နှင့် အခြားရာသီပေါ် သီးနှံများ စိုက်ပျိုးထားနိုင်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ဒီအချိန်က မိုးစပါးစိုက်ပျိုးရမယ့် အချိန်ကောင်းပါ။ ဒါပေမဲ့ မိုးမရွာတော့ တောင်သူတွေမှာ စိုက်ပျိုးဖို့ အခက်အခဲတွေ ဖြစ်နေကြတယ်။ အောက်ပိုင်းတွေမှာတော့ ရေကြီးနေတယ်ဆိုတာ သတင်းတွေထဲမှာ ကြားနေရတယ်။ ဒါပေမဲ့ ဒီဘက်မှာ (စစ်ကိုင်းတိုင်း အောက်ပိုင်း) တော့ မိုးက လိုသလောက် မရွာသေးဘူး။ မိုးရွာရင် စိုက်ပျိုးနိုင်ဖို့အတွက် ပျိုးထောင်ထားတာကလည်း မိုးမရွာရင် သေကုန်တော့မှာ။ ဆည်ရေရကြတဲ့ တောင်သူတွေကတော့ စိုက်ပျိုးလို့ပြီးတော့မှာ။ မိုးရေကို အဓိက အားထားစိုက်ပျိုးနေရတဲ့ တောင်သူတွေကတော့ ဘာမှစိုက်ပျိုးလို့ အဆင်မပြေသေးဘူး။ အခုဆိုရင် ရွာကအားထားနေရတဲ့ ရေကန်ကလည်း ရေခန်းသွားပြီ။ အချိန်လွန်သွားမှ မိုးရွာမယ်ဆိုရင်တော့ ဘာမှစိုက်ပျိုးလို့ အဆင်မပြေ နိုင်တော့ဘူး” ဟု ရွှေဘိုခရိုင်အတွင်းမှ မိုးကောင်းတောင်သူ တစ်ဦးက ပြောကြားသည်။

မိုးရွာသွန်းမှု နည်းပါးနေသဖြင့် ဒေသခံတောင်သူများ အားထားနေရသည့် ဆည်များရေခန်းခြောက်လာခြင်း၊ ရေကန်များ ရေခန်းခြောက်ခြင်းတို့ ဖြစ်ပေါ်နေပြီး မိုးရေကိုသာ အဓိက အားထားနေရသည့် စိုက်ပျိုးမြေ ဧက ထောင်ချီကာ မိုးစပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ထို့ပြင်မကွေးတိုင်း ဒေသကြီးအတွင်းမှ ယာသီးနှံစိုက်ပျိုးသည့် တောင်သူအချို့မှာ မိုးရွာသွန်းမှု နည်းသဖြင့် သီးနှံအထွက်နှုန်း လျော့ကျခြင်း၊ စိုက်ခင်းအချို့ ထိခိုက်ပျက်စီးခြင်းများအပြင် စိုက်ပျိုးထွန်ယက်ရန် ခက်ခဲခြင်းတို့နှင့် ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ထိုသို့ အလယ်ပိုင်းဒေသများ၌ မိုးခေါင်ရေရှား ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ ဖြစ်သည့် တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင် အစရှိသည့် ဒေသများတွင် စံချိန်တင်မိုးကြီးမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ စိုက်ပျိုးပြီး လယ်ယာမြေဧကပေါင်း သိန်းဂဏန်းခန့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။