စီရော်နယ်လ်ဒိုကြောင့် ဂျူဗင်တပ်စ်အသင်း တိုးတက်လာမည်ဖြစ်သော်လည်း  ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ခက်ခဲမည်ဟု မက်သီးယက်စ် ပြောကြား

စီရော်နယ်လ်ဒိုကြောင့် ဂျူဗင်တပ်စ်အသင်း တိုးတက်လာမည်ဖြစ်သော်လည်း  ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ခက်ခဲမည်ဟု မက်သီးယက်စ် ပြောကြား
Published 19 August 2018

Photo: Getty Images

ဂျာမန်ဂန္ထဝင် လိုသာမက်သီးယက်စ်က စီရော်နယ်လ်ဒို ရောက်ရှိလာခြင်းကြောင့် ဂျူဗင်တပ်စ်အသင်းမှာ ပိုမိုတိုးတက်လာမည်ဖြစ်သော်လည်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်မည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် အသက် (၃၃)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀)ဖြင့် ခေါ်ယူခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ရည်မှန်းနေသည်။

မက်သီးယက်စ်က "စီရော်နယ်လ်ဒိုဟာ ဘောလုံးသမားတစ်ယောက်အတွက် အကောင်းဆုံးအသက်အရွယ်ကို ကျော်လွန်သွားပါပြီ။ သူ့အနေနဲ့ ချန်ပီယံလိဂ်ကို ပိုအာရုံစိုက်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ရီးယဲလ်အသင်းနဲ့အတူ
ချန်ပီယံလိဂ်မှာ သူအကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါတယ်။ စီရော်နယ်လ်ဒို ရောက်လာတာကြောင့် ဂျူဗင်တပ်စ်အသင်း ပိုကောင်းလာမှာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့တော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် မက်သီးယက်စ်က စီရော်နယ်လ်ဒို ရောက်ရှိလာခြင်းကြောင့် စီးရီးအေပြိုင်ပွဲ၏ ပုံရိပ်မှာ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်းနှင့် ယခုရာသီတွင် နာပိုလီနှင့် အင်တာမီလန်အသင်းတို့၏ အင်အားဖြည့်တင်းမှုများကြောင့် စီးရီးအေပြိုင်ပွဲမှာ ယခင်နှစ်များကထက် ပိုမိုစိတ်လှုပ်ရှားစရာကောင်းလာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် နောက်ဆုံး(၅)ရာသီတွင် ချန်ပီယံလိဂ်ဖလားကို (၄)ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း နောက်ဆုံး(၆)ရာသီဆက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်ဖလားကို ၁၉၉၆ ခုနှစ်က နောက်ဆုံးရရှိခဲ့ပြီး ၁၉၉၇၊ ၁၉၉၈၊ ၂၀၀၃၊ ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်များတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့သည်။

စီရော်နယ်လ်ဒိုသည် ချီယေဗိုအသင်းအား (၂-၃)ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသော်လည်း ခြေစွမ်းပြကစားနိုင်ခဲ့သည်။