မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက်အသုံးပြုခမှာ ဖွံ့ဖြိုးပြီးနိုင်ငံများထက် သုံးဆကျော်ပိုများနေပြီး မြန်မာ့လူဦးရေ ၃၅ သန်းကျော်မှာ မိုဘိုင်းအင်တာနက်သုံးစွဲမှု ပြတ်တောက်နေ

မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက်အသုံးပြုခမှာ ဖွံ့ဖြိုးပြီးနိုင်ငံများထက် သုံးဆကျော်ပိုများနေပြီး မြန်မာ့လူဦးရေ ၃၅ သန်းကျော်မှာ မိုဘိုင်းအင်တာနက်သုံးစွဲမှု ပြတ်တောက်နေ
Published 10 August 2018

လမ်းဝမှတ်တိုင်တွင် ဘတ်စ်ကားစောင့်ရင်း မိုဘိုင်းအင်တာနက် အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်

မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက် အသုံးပြုခမှာ ဖွံ့ဖြိုးပြီးနိုင်ငံများထက် သုံးဆကျော် ပိုမိုများပြားနေပြီး မြန်မာ့လူဦးရေ ၃၅ သန်းကျော်မှာ မိုဘိုင်းအင်တာနက်သုံးစွဲမှု ပြတ်တောက်နေသည်ဟု ကမ္ဘာတစ်ဝန်းရှိ မိုဘိုင်းအော်ပရေတာများ ကိုယ်စားပြု ဆောင်ရွက်နေသည့် ကုန်သွယ်ရေးလုပ်ငန်းစုဖြစ်သည့် GSM Association (GSMA) ၏ ‘ဖွံ့ဖြိုးဆဲနိုင်ငံများမှ အင်တာနက် ဆက်သွယ်ရေးကွန်ရက် ဈေးနှုန်းသတ်မှတ်ချက်များ’ အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက် အသုံးပြုနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်း (လူဦးရေ ၁၈ သန်း) အထိရှိနေပြီး ယင်းက မြန်မာနိုင်ငံရှိ လူဦးရေ ၃၅ သန်းမှာ အင်တာနက်ဆက်သွယ်မှု ပြတ်တောက်နေကြောင်း ဖော်ပြနေသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ နှင့် ၂၀၁၇ ကာလကြား အာရှပစိဖိတ်နိုင်ငံများအနက် အတိုးတက်ဆုံး နိုင်ငံတစ်ခုဖြစ်ကာ ရမှတ် ၁၆ မှတ် တိုးတက်လာခဲ့သည်။ ယင်းသို့ တိုးတက်လာသော်လည်း အာရှပစိဖိတ်နိုင်ငံများတွင် ပျမ်းမျှအောက် အနေအထားသာ ရှိသေးသည်။ (ပျမ်းမျှ ၅၉ တွင် ၅၃ သာ ရထားသည်ကို တွေ့မြင်နိုင်သည်။) ထို့ပြင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး လိုအပ်ချက်မှာ အခြေခံအဆောက်အအုံပိုင်းတွင်ဖြစ်သည်။ (ဒေသတွင်း ပျမ်းမျှရမှတ် ၅၁ နှင့်ယှဉ်လျှင် ၃၆ သာ ရှိသည်။) လက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အခြေခံအဆောက်အအုံ လိုအပ်ချက် ရှိနေဆဲဖြစ်ပြီး GSMA မိုဘိုင်းချိတ်ဆက်မှု ညွှန်းကိန်းတွင်လည်း အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံမှာ နံပါတ်ရှစ်နေရာတွင် ရပ်တည်နေရကြောင်း ဖော်ပြထားသည်။

“မိုဘိုင်းအော်ပရေတာတွေသာ အင်တာနက် ဆက်သွယ်ရေးကွန်ရက်ကို သင့်တင့်တဲ့နှုန်းထား၊ ခန့်မှန်းတွက်ချက်ရ လွယ်ကူတဲ့ အနေအထားနဲ့ အသုံးပြုခွင့်မရဘူးဆိုရင် အထိခိုက် အနစ်နာဆုံးလူတွေကတော့ သုံးစွဲသူတွေပဲဖြစ်မှာပါ။ မိုဘိုင်းအသုံးပြုမှု တိုးပွားလာတဲ့အပေါ် အမီလိုက်နိုင်မယ့် အခွင့်အရေး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှိကြတယ်။ ဒါပေမဲ့ ဒီထဲက ဈေးကွက်တချို့မှာ ရင်းနှီးမြှုပ်နှံဖို့အတွက်ကတော့ ထိခိုက်ဆုံးရှုံးနိုင်ခြေတွေ ရှိနေတယ်။ သုံးစွဲသူရဲ့ ဝင်ငွေတွေနဲ့ မျှော်မှန်းစရာ အကျိုးအမြတ်တွေဟာ ဒီနိုင်ငံတွေမှာ တော်တော်နိမ့်ပါးနေတာကြောင့် အော်ပရေတာတွေ အနေနဲ့လည်း အင်တာနက်ဆက်သွယ်မှု ကွန်ရက်တွေအတွက် ဈေးနှုန်းများများစားစား ပိုမပေးနိုင်ဘူး။ ဒါဟာ ကွန်ရက်ချိတ်ဆက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုကို စိန်ခေါ်နေတာမို့ ဒီအချိန်မှာ လူတိုင်းအတွက် အင်တာနက် ကွန်ရက်ကတစ်ဆင့် အကျိုးဖြစ်ထွန်းနိုင်မှုကို အမြင့်မားဆုံးဖြစ်စေဖို့အတွက် မူဝါဒတွေအနေနဲ့ မိုဘိုင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့ပေးသင့်ပါတယ်” ဟု GSMA သတင်းအချက် အလက်စုံစမ်းရေးဌာနမှ စီးပွားရေးသုံးသပ်မှု ဒါရိုက်တာ Paul Castells က ဆိုသည်။

GSMA သတင်းအချက်အလက် စုံစမ်းရေးဌာနက ထုတ်ပြန်ထားသော ယင်းလေ့လာချက်တွင် နိုင်ငံအစိုးရများအနေဖြင့် အင်တာနက်ဆက်သွယ်ရေးကွန်ရက် လိုင်စင်ထုတ်ပေးခြင်းမှ နိုင်ငံ့အမြတ်ဝင်ငွေများ အမြင့်ဆုံး တိုးမြှင့်ရရှိနိုင်ရန်အတွက် အင်တာနက် ဈေးနှုန်းများကို မြှင့်တင်ထားခြင်းကလည်း ဈေးနှုန်းမြင့်မားစေရာတွင် အရေးကြီးသည့် အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။ အင်တာနက်ဆက်သွယ်ရေး ကွန်ရက်ဈေးနှုန်းများ မြင့်မားခြင်းသည် နိုင်ငံတော်ကြွေးမြီပမာဏ မြင့်မားနေသော နိုင်ငံများနှင့် ဆက်စပ်လျက်ရှိပြီး ဝင်ငွေကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက် ဆက်သွယ်ရေးကွန်ရက် လေလံတင်မှုများ၏ ပျမ်းမျှကြမ်းခင်းဈေးနှုန်းများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးနှုန်းများထက် ငါးဆကျော် ပိုမိုမြင့်မားနေသည်ကို သိသိသာသာ မြင်တွေ့ရသည်။ ယင်းလေ့လာချက်က အင်တာနက် ဆက်သွယ်ရေးကွန်ရက် ဈေးနှုန်းများခြင်းနှင့် သုံးစွဲသူများ ဝန်ဆောင်မှုရယူခြင်းကို လျော့နည်းစေသည့် မိုဘိုင်း Broadband အရည်အသွေး နိမ့်ပါးမှုတို့ကြား ဆက်စပ်နေမှုကိုပါ ထုတ်ဖော်ပြသခဲ့သည်။