ကန့်ကွက်နေသည့်ကြားမှ လပွတ္တာမြို့နယ် ကံရွာကျေးရွာ စာသင်ကျောင်းအနီးတွင် တာဝါတိုင် စိုက်ထူရန်ပြုလုပ်မှုကြောင့် ဒေသခံများ လုစုလူဝေးဖြင့်တားမြစ်မှုဖြစ်ပွား

ကန့်ကွက်နေသည့်ကြားမှ လပွတ္တာမြို့နယ် ကံရွာကျေးရွာ စာသင်ကျောင်းအနီးတွင် တာဝါတိုင် စိုက်ထူရန်ပြုလုပ်မှုကြောင့် ဒေသခံများ လုစုလူဝေးဖြင့်တားမြစ်မှုဖြစ်ပွား
Published 30 July 2018

တာဝါတိုင်စိုက်ထူမည်ဆိုခြင်းကြောင့် ဒေသခံများက လူစုလူဝေးဖြင့် တားမြစ်နေစဉ်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဉာဏ်ကွင်း ကံရွာကျေးရွာအုပ်စု ကံရွာကျေးရွာတွင် စာသင်ကျောင်းနှင့် အလွန်နီးကပ်စွာ တာဝါတိုင်လာရောက် စိုက်ထူမှုအား ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ဇူလိုင် ၂၈ ရက် တွင် တာဝါတိုင်ဆောက်လုပ်ရန် ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ ဖုန်းတာဝါတိုင် ဆက်လက်ဆောင်လုပ်ရန်လုပ်ဆောင်မှုကို ကံရွာကျေးရွာမှ ဒေသခံများအပါအဝင် ကျောင်းဆရာ၊ ဆရာမများက လူစုလူဝေးဖြင့် တားမြစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ထူမည့် ဖုန်းတာဝါတိုင်မှာ ကျောင်းသား ကျောင်းသူ ၃၀၀ ကျော် ပညာသင်ကြားနေသည့် စာသင်ကျောင်းနှင့် အလွန်နီးကပ်နေပြီး ကျောင်းအားကစားကွင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့်အလွန် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် ပညာသင်ကြားရင်တွင် မီးစက်သံဆူညံခြင်း၊ လျှပ်စစ်အန္တရာယ်၊ မိုးကြိုးအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ခြင်း၊ ဘုန်းကြီးကျောင်းနှင့် နီးကပ်နေသဖြင့် ဒေသခံများ အလှူအတန်း ပြုလုပ်ရာ တွင် မြေနေရာအခက်အခဲ ဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဖုန်းတာဝါတိုင်ကိစ္စက စလုပ်မယ်လို့ သတင်းကြားတဲ့ အချိန်ကတည်းက စာသင်ကျောင်းနဲ့ အရမ်းနီးနေတော့ ကလေးတွေ ပညာသင်ကြားတဲ့အခါမှာ အနှောင့်အယှက် ဖြစ်မှာမို့လို့ ကျွန်တော်တို့ ရပ်မိရပ်ဖတွေက လက်မခံခဲ့တဲ့ကိစ္စပါ။ အဲဒီအတွက်လည်း ကျွန်တော်တို့ အကြိမ်ကြိမ် ကန့်ကွက်ခဲ့ပါတယ်။ အခုက ကန့်ကွက်နေတဲ့ကြားထဲက ဆက်လုပ်နေကြတာပါ။ ဒီကိစ္စကို မြို့နယ်က သက်ဆိုင်ရာ ဌာနအသီးသီးကိုလည်း ကန့်ကွက်စာ ပို့ပြီးပါပြီ။ သက်ဆိုင်ရာဌာနတွေက ဘာမှ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရရုံးကို ကန့်ကွက်စာသွားပို့ဖို့ ရှိပါတယ်။ တာဝါတိုင် လာဆောက်တာကတော့ Mytel ကလို့ သိရပါတယ်” ဟု ကံရွာကျေးရွာ၏ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသိန်းကြည်က ပြောကြားသည်။

ယင်း ဖုန်းတာဝါတိုင် လာရောက်စိုက်ထူမှုအား ကန့်ကွက်ကြောင်းကို ဆရာ၊ ဆရာမ၊ ကျောင်းသား မိဘများနှင့် ဒေသခံပြည်သူတို့၏ လက်မှတ် ၂၀၀ ခန့်ဖြင့် ဇူလိုင် ၂၃ ရက်က လပွတ္တာမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ လပွတ္တာမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ကန့်ကွက်စာပေးပို့ထားကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။