၂၀၁၈ FIFA The Best ဆုများအတွက် ဆန်ကာတင်စာရင်းများကို FIFA ထုတ်ပြန်

၂၀၁၈ FIFA The Best ဆုများအတွက် ဆန်ကာတင်စာရင်းများကို FIFA ထုတ်ပြန်
Published 25 July 2018

Photo: Daily Mail

 
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ၂၀၁၈ ခုနှစ်အတွက် FIFA The Best ဆုများအတွက် ဆန်ကာတင်စာရင်းများကို ယနေ့ (အင်္ဂါ) ညက ထုတ်ပြန်ခဲ့သည်။
 
၂၀၁၈ FIFA The Best ဆုများတွင် ပါဝင်သည့် FIFA The Best အမျိုးသားကစားသမားဆု၊ FIFA The Best အမျိုးသမီးကစားသမားဆု၊ FIFA The Best အမျိုးသားနည်းပြဆု၊ FIFA The Best အမျိုးသမီးနည်းပြဆုများအတွက် ဆန်ကာတင်စာရင်းများကို ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
 
FIFA သည် အဆိုပါဆုများအတွက် ဆန်ကာတင် (၃)ဦးစာရင်းကို လာမည့် စက်တင်ဘာလ အစောပိုင်းတွင် ကြေညာသွားမည်ဖြစ်ပြီး ဆုပေးပွဲကို စက်တင်ဘာလ (၂၄)ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပမည်ဖြစ်သည်။
 
၂၀၁၈ FIFA The Best အမျိုးသားကစားသမားဆုအတွက် ဆန်ကာတင် (၁၀)ဦးစာရင်းတွင် စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်/ပေါ်တူဂီ)၊ ဒီဘရိုင်းနား (မန်စီးတီး/ဘယ်လ်ဂျီယံ)၊ ဂရီးဇ်မန်း (အက်သလက်တီကို/ပြင်သစ်)၊ ဟာဇက် (ချယ်လ်ဆီး/ဘယ်လ်ဂျီယံ)၊ ဟာရီကိန်း (စပါး/အင်္ဂလန်)၊ ဘာပေ (PSG/ပြင်သစ်)၊ မက်ဆီ (ဘာစီလိုနာ/အာဂျင်တီးနား)၊ မိုဒရစ် (ရီးယဲလ်မက်ဒရစ်/ခရိုအေးရှား)၊ ဆာလာ (လီဗာပူးလ်/အီဂျစ်)၊ ဗာရန်း (ရီးယဲလ်မက်ဒရစ်/ပြင်သစ်)တို့ ပါဝင်ခဲ့သည်။ ယခု ထုတ်ပြန်လိုက်သည့် ဆန်ကာတင် (၁၀)ဦးစာရင်းတွင် နာမည်ကျော်ကစားသမားများ ပါဝင်ခဲ့ကြသော်လည်း ပြီးခဲ့သည့် ၂၀၁၇ FIFA The Best အမျိုးသားကစားသမားဆုပေးပွဲတွင် တတိယရရှိခဲ့သည့် PSG အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး နေမာမှာမူ ပါဝင်လာခဲ့ခြင်း မရှိပေ။
 
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ၁၉၉၁ မှ ၂၀၀၉ ခုနှစ်အထိ FIFA ကမ္ဘာ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပြင်သစ်မဂ္ဂဇင်းနှင့်ပေါင်းကာ FIFA Ballon d'Or ဆုအဖြစ်လည်းကောင်းပေးအပ်ချီးမြှင့်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်ကာ FIFA The Best ဆုအဖြစ်သီးသန့်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ FIFA The Best အမျိုးသားကစားသမားဆုကို ပေါ်တူဂီအသင်းခေါင်းဆောင်စီရော်နယ်လ်ဒိုက ပြီးခဲ့သည့် (၂)ကြိမ်စလုံးတွင် ရယူထားနိုင်ခဲ့သည်။
 
၂၀၁၈ FIFA The Best အမျိုးသားနည်းပြဆုအတွက် ဆန်ကာတင် (၁၁)ဦးစာရင်းတွင် အယ်လီဂရီ (ဂျူဗင်တပ်စ်)၊ ချာရှီဆော့ဗ် (ရုရှားလက်ရွေးစင်အသင်း)၊ ဒါလစ် (ခရိုအေးရှားလက်ရွေးစင်အသင်း)၊ ဒေးရွှမ့် (ပြင်သစ်လက်ရွေးစင်အသင်း)၊ ဂွါဒီယိုလာ (မန်စီးတီး)၊ ယာဂန်ကလော့ပ် (လီဗာပူးလ်)၊ မာတီနက်ဇ် (ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း)၊ ဆီမြွန်နီ (အက်သလက်တီကိုမက်ဒရစ်)၊ ဆောက်ဂိတ် (အင်္ဂလန်လက်ရွေးစင်အသင်း)၊ ဗယ်လ်ဗာဒီ (ဘာစီလိုနာ)၊ ဇီဒန်း (ရီးယဲလ်မက်ဒရစ်) တို့ဖြစ်သည်။
 
FIFA The Best အမျိုးသားနည်းပြဆုကို ၂၀၁၆ ခုနှစ်က လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရယူူပေးနိုင်ခဲ့သည့် အီတလီလူမျိုးနည်းပြ ရာနီရေးရီက ရရှိခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က အကောင်းဆုံးနည်းပြဆုကို ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်းက ရရှိခဲ့ကြောင်း သိရသည်။
 
၂၀၁၈ FIFA The Best အမျိုးသမီးကစားသမားဆုနှင့် နည်းပြဆုများအတွက် ဆန်ကာတင်စာရင်းများတွင် ပြီးခဲ့သည့်ရာသီက အောင်မြင်မှုများရရှိခဲ့ကြသည့် ကစားသမားများနှင့် နည်းပြများ ပါဝင်လာခဲ့သည်။
 
၂၀၁၈ FIFA The Best ဆုများကို ရွေးချယ်ရာတွင် နိုင်ငံလက်ရွေးစင်အသင်းခေါင်းဆောင်များ၊ နိုင်ငံလက်ရွေးစင်အသင်းနည်းပြများ၊ ပရိသတ်များ၊ မီဒီယာများ၏ မဲပေးရွေးချယ်မှုများမှ မဲ(၂၅)ရာခိုင်နှုန်းစီ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။