ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသည် နိုင်ငံရေးမပါသည့်အတွက် အကျိုးမရှိကြောင်း RCSS ဥက္ကဋ္ဌ ပြောကြား

ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသည် နိုင်ငံရေးမပါသည့်အတွက် အကျိုးမရှိကြောင်း RCSS ဥက္ကဋ္ဌ ပြောကြား
Published 19 July 2018

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသည် နိုင်ငံရေးမပါသည့်အတွက် အကျိုးမရှိကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ရှမ်းသံတော်ဆင့် သတင်းဌာနသို့ ပြောကြားသည်။

အစိုးရနှင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ရှမ်းသံတော်ဆင့် သတင်းဌာနတို့၏ သီးသန့်အင်တာဗျူးကို ဇူလိုင် ၁၇ ရက်တွင် ရှမ်းသံတော်ဆင့် သတင်းဌာနမှ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ သီးသန့်အင်တာဗျူးတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘာကြောင့် ညီလာခံ သွားမတက်တာလဲဆိုတော့ အကြောင်းရင်း သုံးချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ဒီညီလာခံကြီးဟာ အကျိုးမရှိဘူး။ သူတို့ဆွေးနွေးတာက နှစ်ချက်ပဲရှိတယ်။ အမျိုးသမီး အခွင့်အရေးနဲ့ လူမျိုးစု အခွင့်အရေးပဲလေ။ နိုင်ငံရေးမပါဘူး” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ဆက်လက်၍ အပစ်အခတ် ရပ်စဲခဲ့ခြင်းသည် နိုင်ငံရေးဆွေးနွေးရေးအတွက်ဖြစ်ပြီး အပစ်ရပ်ပြီး နိုင်ငံရေးမဆွေးနွေးနိုင်ပါက အပစ်ရပ် လက်မှတ်ရေးထိုးခဲ့မည်မဟုတ်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်သူလူထုအပေါ် မူတည်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းကျ မပြင်နိုင်သရွေ့၊ အုပ်ချုပ်မှုစနစ်ကို ဖက်ဒရယ်ပုံစံ မပြင်နိုင်သရွေ့ ပြည်သူလူထု လိုချင်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု ဝေးနေဦးမည်ဟုလည်း ၎င်းက အဆိုပါ အင်တာဗျူးတွင် သုံးသပ်ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးများကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့်အညီ ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ်တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း နှစ်ကြိမ်ကျင်းပနိုင်ရေး၊ ဆက်လက်ကျင်းပမည့် ညီလာခံတစ်ကြိမ်စီသို့ ဦးတည်သည့် အဆင့်ဆင့်သော အစည်းအဝေးများကို အောင်မြင်စွာကျင်းပပြီး ညီလာခံ သုံးကြိမ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု၏ အခြေခံအုတ်မြစ်အဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေး စသည့် အချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ တက်ရောက်ခဲ့သော ကိုယ်စားလှယ်များ၏ သန္နိဋ္ဌာန်အဖြစ် ညီလာခံ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ “ရည်မှန်းချက်ထားတာတော့ ကောင်းတာပေါ့ဗျာ။ ဒါပေမဲ့ ဒီနှစ်ထဲမှာ နောက်တစ်ကြိမ်လုပ်ဖို့ကတော့ နည်နည်းလောတယ်ပေါ့။ အဲဒီလိုပဲ ပြောချင်ပါတယ်။ အကျေအလည် ညှိနှိုင်းနိုင်ရင်တော့ ချမှတ်နိုင်မှာပါ။ အကျေအလည် မညှိနှိုင်းနိုင်ဘူး ဆိုရင်တော့ခက်မှာပေါ့။ အဓိကကတော့ တစ်ဖက်နဲ့တစ်ဖက် လက်ခံနိုင်တဲ့လမ်းကြောင်း ရှာနိုင်ဖို့ပဲ လိုတာပါ။ အဲဒီလို ရှာနိုင် မရှာနိုင်ကတော့ အခိုင်အမာ ဆွေးနွေးကြည့်မှပဲ ရမှာပေါ့” ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောကြားသည်။

Most Read

Most Recent