မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော Povidine အနာကျက်ဆေးရည် တစ်နှစ်လျှင် ဘူးသေးတစ်သန်းနှင့် ဘူးကြီးတစ်သိန်း ထုတ်လုပ်ရန်စီစဉ်

မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော Povidine အနာကျက်ဆေးရည် တစ်နှစ်လျှင် ဘူးသေးတစ်သန်းနှင့် ဘူးကြီးတစ်သိန်း ထုတ်လုပ်ရန်စီစဉ်
Published 15 July 2018

မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော Povidine အနာကျက်ဆေးရည်ကို ဆေးရုံ၊ ဆေးခန်းနှင့် အိမ်သုံးဆေးရည်အဖြစ် တစ်နှစ်လျှင် 1.5 ml ဘူးသေးတစ်သန်းနှင့် 500 ml ဘူးကြီးတစ်သိန်း ထုတ်လုပ်ရန် စီစဉ်ထားကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

“ဒီဆေးရည်ကို မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်ရောင်း) နှင့်ဆေးဝါးရတနာကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တာပါ။ ဆေးရည်ကို ထိခိုက်ရှနာ၊ အပူလောင်တာ၊ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ ယားနာတွေ၊ ခွဲစိတ်ခန်းတွေမှာ ခွဲစိတ်မှု မလုပ်ခင် ပိုးသန့်စင်ဖို့နဲ့ ခွဲစိတ်ပြီး ဒဏ်ရာအတွင်း ရောဂါပိုးမဝင်ဖို့ ကာကွယ်တဲ့နေရာမှာ အဓိကထား သုံးပါတယ်” ဟု မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဒေါက်တာအောင်ဇော်က ပြောကြားသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းအောက်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) က တစ်ခါသုံးဆေးထိုးအပ်သုံးမျိုး၊ သွေးကြောသွင်းဆေးရည်ငါးမျိုး၊ ထိုးဆေး ၁၇ မျိုး၊ ပဋိဇီဝထိုးဆေးငါးမျိုး၊ မျက်စဉ်းဆေးတစ်မျိုးနှင့် ဆေးမှုန့် ခုနစ်မျိုး ထုတ်လုပ်လျက်ရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ကျောက်ကပ်ခွဲစိတ်လူနာများတွင် အသုံးပြုရန် PS Solution (Irrigation Use) ဆေးရည်နှစ်မျိုး ထုတ်လုပ်ခဲ့ခြင်းကြောင့် လက်ရှိတွင် စုစုပေါင်းဆေးဝါး အမျိုးပေါင်း ၄၀ ကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

မတ်လတတိယပတ်အတွင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးဝါးလက်ကား ဖြန့်ဖြူးရောင်းချသော ရွှေမင်္ဂလာဈေး၊ ရွှေပြည့်စုံဈေးနှင့် ဗိုလ်ချုပ်ဈေးသစ်များတွင် BPI ဆေးဝါးအတု ရောင်းချမှုရှိမရှိ စက်မှုဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ရှောင်တခင် ပူးပေါင်းစစ်ဆေးလျက်ရှိကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

စစ်ဆေးမှုတွင် ရွှေမင်္ဂလာဈေး၊ ရွှေပြည့်စုံဈေးနှင့် ဗိုလ်ချုပ်ဈေးသစ်ရှိ BPI ဆေးဝါးအရောင်းဆိုင် ၂၅ ဆိုင်ကို ရှောင်တခင် ဝင်ရောက်၍ ဆေးဝါးအတုအစစ် ခွဲခြားစစ်ဆေးနိုင်သော Handheld Raman Analyzer အသုံးပြုကာ BPI ဆေးဝါး အတုရှိမရှိ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးခဲ့သော ဆေးအရောင်းဆိုင်များတွင် BPI ဆေးဝါးအတုများ မတွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ဆေးဝါးအတုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတု၊ အစစ်ခွဲခြားနိုင်သည့် ခေတ်မီစက်ကိရိယာများကို စက်မှုဝန်ကြီးဌာနက ဝယ်ယူထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဈေးကွက်အတွင်းရှိ ဆေးဝါးများကို ရှောင်တခင် စစ်ဆေးရန် စီမံထားသည်။

ပြည်သူလူထုအတွင်း ဆေးဝါးအတုအန္တရာယ်မှ ကာကွယ်ပေးရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရန်ရှိကြောင်းနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းအောက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) BPI စက်ရုံမှ ထုတ်လုပ်သော ဆေးဝါးများကို တုပခြင်းမှ ကာကွယ်ရန် ဈေးကွက် စောင့်ကြပ်ကြည့်ရှုသည့်စနစ် ပြုလုပ်ထားပြီး စက်ရုံမှထုတ်လုပ်သော ဆေးပြားများ၊ ဆေးဝါးအဖုံး၊ ဘူးခွံနှင့် Top Seal များတွင် အသားတံဆိပ်များ ရိုက်နှိပ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent