ယူနီဆက်ဖ်၏ ငါးနှစ်တာစီမံကိန်းအသစ်ကို ပဋိပက္ခ၊ နေရပ်စွန့်ခွာနှင့် အခြားလူသားချင်း စာနာထောက်ထားမှု အခြေအနေများ ဖြစ်ပေါ်နေသည့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် လုပ်ဆောင်မည်

ယူနီဆက်ဖ်၏ ငါးနှစ်တာစီမံကိန်းအသစ်ကို ပဋိပက္ခ၊ နေရပ်စွန့်ခွာနှင့် အခြားလူသားချင်း စာနာထောက်ထားမှု အခြေအနေများ ဖြစ်ပေါ်နေသည့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် လုပ်ဆောင်မည်
Published 15 July 2018

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းက ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည်ကို တွေ့ရစဉ်

ယူနီဆက်ဖ်က မြန်မာနိုင်ငံတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရစသည့် ကဏ္ဍများအတွက် ငါးနှစ်တာစီမံကိန်းအသစ် (၂၀၁၈-၂၀၂၂) ကို စတင်လုပ်ဆောင်မည်ဖြစ်ရာ ယင်းလုပ်ငန်းများကို ပဋိပက္ခ ဒဏ်ခံစားရသည့် ကလေးငယ်များ၊ နေရပ်စွန့်ခွာနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွက် ရည်မှန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယူနီဆက်ဖ်မှ သိရသည်။

ယူနီဆက်ဖ်၏ ငါးနှစ်တာစီမံကိန်းအသစ်သည် ယူနီဆက်ဖ်၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၂၀၁၈-၂၀၂၁ နှင့် ကိုက်ညီမှုရှိရမည့်အပြင် အစိုးရ၏ ဦးစားပေးလုပ်ငန်းများကို ထင်ဟပ်စေရမည့် ဆက်စပ်ရလဒ် ခြောက်ခုရရှိစေရန် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ပထဝီနေရာအနေအထား ဦးစားပေးမှုသည် စီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းများနှင့် ဖွံ့ဖြိုးမှုတိုင်းတာ ညွှန်းကိန်းများ တိုးတက်မှုအပေါ်တွင် ပြောင်းလဲနိုင်ကြောင်း အချက်အလက်များအရ သိရသည်။

“ဒီစီမံကိန်းမှာ ကျန်းမာရေးနှင့် အာဟာရကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍနှင့် လူမှုရေးဆိုင်ရာမူဝါဒနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ စောင့်ကြည့်သုံးသပ်ရေး ကဏ္ဍတို့ ပါဝင်ပါတယ်။ စီမံကိန်းမှာ ပါဝင်မယ့်လုပ်ငန်းတွေက ပဋိပက္ခဒဏ်ခံစားရတဲ့ ကလေးငယ်တွေ၊ နေရပ်စွန့်ခွာနဲ့အခြားသော လူသားချင်း စာနာထောက်ထားမှု အခြေအနေတွေ ဖြစ်နေတဲ့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့အတွက် ရည်မှန်းထားပါတယ်” ဟု ယူနီဆက်ဖ် (မြန်မာ) ၏ ဌာနေကိုယ်စားလှယ် Ms.Kunugi က ပြောကြားသည်။

ကျန်းမာရေးနှင့် အာဟာရကဏ္ဍတွင် အသက်ငါးနှစ်အောက် ကလေးများ၊ ဆယ်ကျော်သက် အမျိုးသမီးငယ်များ အပါအဝင် မျိုးဆက်ပွားအရွယ်ရှိ အမျိုးသမီးများအတွက် အထောက်အထား ခိုင်လုံမှုရှိသည့် ကျန်းမာရေး၊ ကာကွယ်ဆေးထိုးခြင်း၊ အိပ်ချ်အိုင်ဗွီနှင့် အာဟာရဆိုင်ရာ လုပ်ငန်းများကို သာတူညီမျှစွာ လက်လှမ်းမီနိုင်ရေးနှင့် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီး ကြိုတင် ကာကွယ်နိုင်သော ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစနှင့် ကလေးသူငယ် သေဆုံးမှုများကို အဆုံးသတ်ရန်အတွက် ပါဝင်ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် ရေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍတွင် မိသားစုဝင်များနှင့် အဓိကကျသည့်နေရာများ ဥပမာ စာသင်ကျောင်းများတွင် စိတ်ချရသော၊ ငွေကြေးတတ်နိုင်သော၊ လုံလောက်သော ရေနှင့် သန့်ရှင်းရေး ဝန်ဆောင်မှုများ အချိန်မရွေးသာ တူညီမျှလွယ်လင့်တကူ ရရှိအသုံးပြုနိုင်စေရန် ဆောင်ရွက်မည်ဖြစ်ပြီး ရလဒ်အဖြစ် မွေးကင်းစ၊ အသက် ငါးနှစ်အောက်နှင့် ကိုယ်ဝန်ဆောင် မိခင်သေဆုံးခြင်း၊ ကူးစက်တတ်သည့်ရောဂါများ၊ အာဟာရချို့တဲ့ခြင်းနှင့် ပုညှက်ခြင်းတို့မှ လျော့နည်းကျဆင်းစေရန်၊ ကျောင်းတက်ရောက်မှုနှုန်း မြင့်မားစေခြင်းနှင့် စာသင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူများအား အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်းတို့အတွက် ပါဝင်ပံ့ပိုး ကူညီမည်ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးကဏ္ဍတွင် မြန်မာနိုင်ငံရှိ ယောကျ်ားလေးနှင့် မိန်းကလေးများအား အကြမ်းဖက်ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းနှင့် မိသားစုနှင့် ကွဲကွာနေရခြင်းတို့မှ ကာကွယ်ပေးနိုင်ရေးနှင့် ပြန်လည်ကောင်းမွန်လာစေရန် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးစနစ်မှ တစ်ဆင့် ကာကွယ်မှုများပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ထိုစီမံကိန်းပါကဏ္ဍများသည် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေဆဲဖြစ်သည့် လူမှုရေးလုပ်ငန်းဖြစ်ရပ် စီမံခန့်ခွဲမှုအပေါ် အခြေခံထားပြီး ယင်းနှင့်ဆက်စပ်နေသည့် တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုများ ပါဝင်သည်။