ဗားကရာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေယာဉ်များပေါ်မှ ဖုန်းများ လိုက်လံ ခိုးယူသူများကို ဖမ်းဆီးရမိ

ဗားကရာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေယာဉ်များပေါ်မှ ဖုန်းများ လိုက်လံ ခိုးယူသူများကို ဖမ်းဆီးရမိ
Published 12 July 2018

ရန်ကုန်မြို့ ဗားကရာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေယာဉ်များပေါ်မှ ဖုန်းများ လိုက်လံခိုးယူသူများကို ဇူလိုင် ၈ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် နံနက် ၈ နာရီကျော်က ဗားကရာဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေယာဉ်များပေါ်သို့ လှေငယ်တစ်စင်းဖြင့် လူလေးဦးက တက်ရောက် ခိုးယူနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းရရှိသဖြင့် ထွက်ခွာခဲ့ရာ နံနက် ၄ နာရီခွဲတွင် ဗားကရာဆိပ်ကမ်းသို့ ရောက်ရှိပြီး လူလေးဦး လိုက်ပါလာသည့် လှေငယ်တစ်စင်းမှာ မောင်းနှင် ထွက်ပြေးသောကြောင့် ရဲတပ်ဖွဲ့က စစ်ဆေးရန် ခေါ်ယူသော်လည်း လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးရှေ့ ရေပြင်သို့ အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မသင်္ကာဖွယ် လူလေးဦးနှင့် လှေငယ်အား ခေါ်ယူစစ်ဆေးရာ Huawei တံဆိပ်ပါ Y-610 ဖုန်းတစ်လုံးနှင့် Mi တံဆိပ်ပါ Note 4 ဖုန်းတစ်လုံးကို ဗားကရာဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သုခဝတီ ၄ ဆန်တင် ကုန်လှေပေါ်မှ ခိုးယူလာကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဆက်လက် ရှာဖွေရာ အလျား ၂၂ ပေ၊ အနံ ၈ ပေ ၉ လက်မခန့်ရှိ အမည်းရောင် သစ်သားလှေ တစ်စင်း၊ Honda တံဆိပ်ပါ ဓာတ်ဆီအင်ဂျင်နှင့် တွဲတပ်ထားသော ဝင်ရိုးပန်ကာ တစ်စုံ၊ Huawei တံဆိပ်ပါ Y-610 အမျိုးအစား အနက်ရောင် ဖုန်းတစ်လုံး၊ MI တံဆိပ်ပါ Note 4 အမျိုးအစား ငွေရောင်ဖုန်း တစ်လုံး၊ သစ်သားလေးခွ တစ်လက်၊ ဖန်ဂေါ်လီ လောက်စလုံး လေးလုံး၊ ၁၄ လက်မခန့်ရှိ သံရိုးတပ် တူတစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆေးရရှိသော အချက်အလက်များအရ သိရသည်။

အမှုမှ မသင်္ကာသူ လေးဦးအား ဆိပ်ကမ်းမြို့မရဲစခန်းသို့ အပ်နှံအမှုဖွင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။