မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ကို တည်ထောင်ခဲ့ပြီး ‘ပန်းခရမ်းပြာ’၊ ‘နဒီမင်္ဂလာ’ အပါအဝင် ထင်ရှားသည့် တေးသီချင်းများစွာအား ရေးသားခဲ့သူ တေးရေးကိုရဲလွင် ကွယ်လွန်

မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ကို တည်ထောင်ခဲ့ပြီး ‘ပန်းခရမ်းပြာ’၊ ‘နဒီမင်္ဂလာ’ အပါအဝင် ထင်ရှားသည့် တေးသီချင်းများစွာအား ရေးသားခဲ့သူ တေးရေးကိုရဲလွင် ကွယ်လွန်
Published 10 July 2018

ဓာတ်ပုံ - စည်သူ

မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ကို တည်ထောင်ခဲ့ပြီး ‘ပန်းခရမ်းပြာ’၊ ‘နဒီမင်္ဂလာ’ အပါအဝင် ထင်ရှားသည့် တေးသီချင်းများစွာအား ရေးသားခဲ့သူ တေးရေးကိုရဲလွင်သည် ဇူလိုင် ၁၀ ရက်ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့ ကုတင် ၅၀၀ ဆံ့ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ တေးရေး ကိုရဲလွင်သည် အသည်းရောဂါ ဝေဒနာဖြင့် ဆေးကုသမှု ခံယူနေခဲ့သည်မှာ အတန်ငယ် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဇူလိုင် ၁၀ ရက် ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

‘‘အားလုံးဝမ်းနည်းသလိုပဲ ဝမ်းနည်းရပါတယ်။ စိတ်တူကိုယ်တူ အလုပ်တွေ လုပ်ခဲ့ကြသူဆိုတော့ အားလျော့သွားသလိုလည်း ခံစားရတယ်။ တကယ့်ကို ဝမ်းနည်းရပါတယ်။ လောလောဆယ် အကြမ်းဖျင်း သိရသလောက်တော့ ငါးရက်မှပဲ အသုဘ အစီအစဉ် ဆောင်ရွက်မယ်လို့ိ သိထားပါတယ်။ ကိုရဲလွင်ရဲ့ ညီမအိမ်ဖြစ်တဲ့ အင်းစိန်မှာ နာရေးအိမ်လုပ်မယ်လို့ သိရပါတယ်’’ ဟု ပန်းရဲ့လမ်းဂီတအဖွဲ့မှ ကိုသားထွေးက ဆိုပါသည်။

ကိုရဲလွင်သည် ၁၉၄၇ ခုနှစ်ဒီဇင်ဘာ လတွင်ပေါင်းတည်မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး မောင်နှမဆယ်ဦးရှိကာ ငယ်စဉ်ကတည်းကပင် ဂီတဝါသနာ အခြေခံ ရှိခဲ့သူဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီးနောက် တတိယနှစ်အထိသာ တက်ရောက်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် E-machine တီးဝိုင်းအဖွဲ့၌ Bass ဂစ်တာသမား တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၂ ဒီဇင်ဘာတွင် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ကို တေးသံရှင် ခင်မောင်တိုး၊ တေးရေးကိုနေဝင်း၊ ကိုမောင်မောင်(အဉ္ဇလီ)တို့နှင့် ဖွဲ့စည်းခဲ့သည်။ မဇ္ဈိမလှိုင်းသည် ၁၉၈၅ ခုနှစ်တွင် မဟာဆန်သူ တေးအယ်လ်ဘမ်ကို ဖြန့်ချိခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျံ့နှံ့အောင်မြင်ခဲ့သည်။ ကိုရဲလွင်ရေးစပ်ခဲ့သည့် ‘ပန်းခရမ်းပြာ’ တေးသီချင်းမှာ ၁၉၈၈ ခုနှစ်ဝန်းကျင်တွင် ထင်ရှားအောင်မြင်ခဲ့သည့် တေးသီချင်းဖြစ်သည်။ ကိုရဲလွင်သည် နိုင်ငံရေးလှုပ်ရှားမှုများလည်း လုပ်ဆောင်ခဲ့ကာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။ ထောင်မှပြန်လည် လွတ်မြောက်လာသည့်အခါ ကိုနေဝင်း၊ ကိုသားထွေးတို့နှင့်အတူ လက်တွဲကာ Vertical Vibration တီးဝိုင်းကို တည်ထောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ဒလမြို့နယ်၌ ရေအခက်အခဲ ကြုံတွေ့ရချိန်မှ စတင်ကာ ကူညီမှုများ ပြုလုပ်နိုင်ရန် ပန်းရဲ့လမ်း အဖွဲ့အား စတင်ဖွဲ့စည်း လုပ်ဆောင်ခဲ့သည်။ ကိုရဲလွင် ဦးဆောင်သည့် ပန်းရဲ့လမ်း ဂီတအဖွဲ့သည် နေရာအနှံ့အပြားသို့ သွားရောက်ကာ တေးသီချင်းများ သီဆိုဖျော်ဖြေပြီး ရရှိလာသည့် ရန်ပုံငွေများဖြင့် လိုအပ်သည့်နေရာများသို့ ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းရေးကို သီချင်းများဖြင့် ဖော်ဆောင်နေသူ ကိုရဲလွင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင် အသင်းသား တစ်ဦးလည်းဖြစ်သည်။ ကိုရဲလွင်သည် ဂီတဖြတ်သန်းမှု တစ်လျှောက်တွင် ထင်ရှားသည့် တေးသီချင်းပေါင်း များစွာအား ရေးသားသီကုံးခဲ့ကာ နာမကျန်း မဖြစ်မီ အချိန်ထိလည်း ပန်းရဲ့လမ်းအဖွဲ့အတွက် ဦးဆောင်လှုပ်ရှား ခဲ့သူဖြစ်သည်။ ကိုရဲလွင် ကွယ်လွန်သွားသည့်အတွက် အနုပညာရှင်များနှင့် ပရိသတ်များက ဝမ်းနည်းစကားများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြ ခဲ့ကြသည်။