စကုမြို့တွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြေးသွန်းရုပ်တုများ မကွေး၊ မင်းဘူး၊ စကုမြို့များသို့ စီတန်းလှည့်လည် သယ်ဆောင်

စကုမြို့တွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြေးသွန်းရုပ်တုများ မကွေး၊ မင်းဘူး၊ စကုမြို့များသို့ စီတန်းလှည့်လည် သယ်ဆောင်
Published 5 July 2018

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြေးသွန်း ရုပ်တုများကို စီတန်းလှည့်လည် သယ်ဆောင်လာစဉ်

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့တွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြေးသွန်းရုပ်တုများကို ဇူလိုင် ၄ ရက် နံနက်က မကွေး၊ မင်းဘူး၊ စကုမြို့များသို့ စီတန်းလှည့်လည် သယ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်တုများကို အများပြည်သူ လှူဒါန်းငွေဖြင့် ထုလုပ်ခဲ့ပြီး စကုမြို့ သကျမဉ္ဇူဘုရားအနီးရှိ အာဇာနည်ဗိမာန်၌ ထားရှိမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး၏ ကြေးသွန်းရုပ်တုများကို မန္တလေးမြို့ မှ စတင်သယ်ယူခဲ့ပြီး မကွေးမြို့ သံဃာရာမကျောင်းတိုက်မှ တစ်ဆင့် မကွေး၊ မင်းဘူး၊ စကုမြို့များသို့ စီတန်းလှည့်လည် သယ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့ သယ်ဆောင်လာစဉ် လမ်းတစ်လျှောက်ရှိ စာသင်ကျောင်းများမှ ကျောင်းသူကျောင်းသားများနှင့် အများပြည်သူက စိတ်ဝင်စားမှု များခဲ့ကြောင်း သိရသည်။

မင်းဘူး (စကု)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းက “လူငယ်တွေ နောင်လာနောက်သားတွေ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်သားကောင်းတွေ ပေါ်ထွန်းလာဖို့အတွက်ကို ဒီအာဇာနည် ကိုးဦးရုပ်တုတွေ ထားရှိခြင်းအားဖြင့် နောင်အနာဂတ် မျိုးဆက်တွေမှာ အာဇာနည်စိတ်ဓာတ်တွေ ပေါ်ထွန်းလာဖို့၊ စံနမူနာထားနိုင်ဖို့ မြို့မိမြို့ဖတွေနဲ့ အများပြည်သူ ပူးပေါင်းပြီးတော့ ဒီရုပ်တုတွေ ထားနိုင်ဖို့ ကြိုးစားခဲ့တာပါ”ဟု ပြောကြားသည်။

ဦးဝင်းဝင်းက ဆက်လက်၍ “ စကုမြို့ မှာ အကျပ်အတည်း ကာလကတည်းက နိုင်ငံရေးအစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်းမှာ လွမ်းသူ့ပန်းခွေချတာတွေ၊ ဂါရဝပြုတာတွေ ရှိခဲ့ပါတယ်။ အခု ပြည်သူ့အစိုးရ လက်ထက်မှာ ခမ်းခမ်းနားနား ဖြစ်အောင် အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်တုတွေကို အခုလာမယ့် အာဇာနည်နေ့မှာ ဖွင့်ပွဲလုပ်ပြီးတော့ အလေးပြုသွားကြမှာပါ” ဟု ပြောကြားသည်။

မင်းဘူး (စကု) မြို့ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီမှ ဦးနေမျိုးကျော်က “ ဗိုလ်ချုပ်အောင်ဆန်းလို့ ပြောလိုက်ရင် တစ်မျိုးသားလုံးရဲ့ ခေါင်းဆောင်ကြီး ဖြစ်တဲ့အတွက် လူတွေစိတ်ထဲမှာ ဗိုလ်ချုပ်ဟာ ကွယ်လွန်တဲ့အချိန်မှာ ၃၂ နှစ် ငါးလကျော်လေးပဲ ရှိသေးတယ်။ အင်မတန် ငယ်ရွယ်နုနယ်တဲ့ လူတစ်ယောက်ဆိုတာ မေ့နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ စကုမြို့မှာထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကိုတော့ အသက် ၂၆ နှစ်နဲ့ ကျဆုံးသွားချိန် ၃၂ နှစ် ကြားထဲမှာရှိတဲ့ တို့အမျိုးသားခေါင်းဆောင်ဟာ လူငယ် တစ်ယောက်။ ဒီ လူငယ်တစ်ယောက်ဟာ တိုင်းပြည်ကို ခေါင်းဆောင်နိုင်ခဲ့တယ်။ ဒီ လူငယ်တစ်ယောက်ဟာ တိုင်းပြည်ကို လွတ်မြောက်အောင် လမ်းပြနိုင်ခဲ့တယ်။ ဒီ လူငယ်တစ်ယောက်မှာ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်။ ဒီ လူငယ်တစ်ယောက်မှာ လူကြီးတွေပင်လျှင် မထားနိုင်တဲ့ ကိုယ်ကျင့်စံတွေ၊ ရဲဝံ့စွန့်စားတဲ့ သတ္တိတွေ၊ တည်ကြည်ဖြောင့်မတ်တဲ့၊ သံလိုက်ဓာတ်လို ဆွဲငင်မှု အင်မတန်အားကြီးတဲ့ သူရဲ့ ဂုဏ်ရည်တွေဟာ အဲဒီလူငယ်လေး တစ်ယောက်မှာ ရှိတယ်။ တို့အမျိုးသားခေါင်းဆောင်ဟာ လူငယ်တစ်ယောက်ပဲ ဆိုတာကို နှောင်းလူတွေကို သိစေချင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ အဘက်ဘက်က ချွတ်ခြုံကျပြီးတော့ ဒီမိုကရေစီနိုင်ငံကို သွားဖို့ကာလမှာ လူငယ်တွေရဲ့အားမာန်တွေ၊ လူငယ်တွေရဲ့ တိုင်းပြည်အပေါ်မှာ ပေးဆပ်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးငံ့လင့်တဲ့ တိုင်းပြည်ပါ။ ဒါကြောင့်မို့လို့ ဒီနေ့ လူငယ်တွေဟာ တို့အမျိုးသားခေါင်းဆောင်ဟာ ငါတို့လိုပဲ လူငယ်တစ်ယောက်ပဲ။ လူငယ်တွေဟာ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တယ် ဆိုတာကို မြင်စေချင်ပါတယ်”ဟု ဆိုသည်။

အဆိုပါ ကြေးသွန်းရုပ်တုများကို မန္တလေးမြို့ တမ္ပဝတီရပ်မှ ဆရာဦးဝင်းမောင်၏ ကြီးကြပ်စီမံမှုဖြင့် ပြည့်ဝကြေးသွန်းလုပ်ငန်းမှ ပညာရှင် ဦးအောင်မိုးက ရှစ်လခန့် အချိန်ယူသွန်းလုပ်ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်သည် အမြင့်သုံးပေရှိပြီး အခြားအာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်တုများသည် နှစ်ပေစီ အမြင့်ရှိကြောင်း၊ ကြေးသွန်းရုပ်တု အားလုံးအတွက် သွန်းလုပ်ခနှင့် အာဇာနည်ဗိမာန်တွင် ထားရှိပြီးသည်အထိ ကုန်ကျစရိတ် ကျပ်သိန်း ၃၀၀ ကျော် ရှိမည်ဖြစ်ကြောင်းသိရသည်။