ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒေသခံတောင်သူများနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ပြီး ပြင်စာကျေးရွာတောင်သူသုံးဦး ထပ်မံတရားစွဲဆိုခံရကာ အမှုပေါင်း ၁၁ မှုအထိ ရှိလာ

ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒေသခံတောင်သူများနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ပြီး ပြင်စာကျေးရွာတောင်သူသုံးဦး ထပ်မံတရားစွဲဆိုခံရကာ အမှုပေါင်း ၁၁ မှုအထိ ရှိလာ
Published 25 August 2017

မြေယာအရေး တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် ဒေသခံတောင်သူရှစ်ဦးတို့ကို သြဂုတ် ၂၄ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် သိမ်းဆည်းခံယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့သဖြင့် ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးနှင့် ဒေသခံတောင်သူရှစ်ဦးတို့ကို သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး ပြင်စာကျေးရွာမှ ဒေသခံတောင်သူသုံးဦးကို ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် အဆိုပါ မြို့နယ်တရားရုံးတွင် ထပ်မံတရားစွဲဆိုထားကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

သြဂုတ် ၂၄ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ချိန်းဆိုခဲ့သည့် တောင်သူများ၏ အမှုရုံးချိန်းတွင် အာမခံပြန်လည် ရုပ်သိမ်းခြင်းခံခဲ့ရသဖြင့် အချုပ်ဖြင့် အမှုရင်ဆိုနေရသည့် ဒေသခံတောင်သူရှစ်ဦးနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးတို့အား ရုံးထုတ်ခဲ့သည်။ အဆိုပါရုံးချိန်းတွင် အာမခံရုပ်သိမ်းခြင်းခံထားရသဖြင့် ဖမ်းဝရမ်းထုတ်ပြန်ထားပြီး ရုံးရှေ့သို့ လာရောက်ရန် ကျန်ရှိနေသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်းနှင့် ဒေသခံတောင်သူတစ်ဦးတို့မှာ တရားရုံးသို့ လာရောက်ခဲ့ခြင်းမရှိသဖြင့် မြို့နယ်တရားသူကြီးက အဆိုပါနှစ်ဦးကိုအာမခံမှု ပြုလုပ်ပေးထားသည့် ဒေသခံတောင်သူ ခြောက်ဦးတို့ကို အာမခံဖောက်ဖျက်မှုဖြင့် အာမခံပေးလျော်ရန်အတွက် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့ ရုံးချိန်းမှာက အမှုက မစစ်ဆေးဖြစ်သေးပါဘူး။ ဖမ်းဝရမ်းထုတ်ပြန်ခံထားရတဲ့သူနှစ်ဦးက ရုံးကိုမလာရောက်တဲ့အတွက် သူတို့ကို အာမခံပေးထားတဲ့သူခြောက်ဦးကို အာမခံဖောက်ဖျက်တဲ့အတွက် သူတို့ကို တရားရုံးက ရာဇဝတ်သေးမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။ အရင်တစ်ပတ် ရုံးချိန်းမှာက သူတို့ နှစ်ဦးကို ရုံးရှေ့အရောက်လာဖို့အတွက် တရားရုံးက ရက်ချိန်းပေးထားခဲ့တာမှာ ဒီနေ့ရုံးချိန်းမှာက မလာရောက်နိုင်တဲ့အတွက် အာမခံပေးထားတဲ့သူတွေကို ရာဇဝတ်သေးမှု ဖွင့်လိုက်တာပါ။ အာမခံလျော်ကြေးငွေ ပေးလျော်ဖို့ဆိုတဲ့ သဘောပေါ့။ ဒါကလည်း ကျန်နေတဲ့နှစ်ဦး ရုံးရှေ့လာရောက်မယ်ဆိုရင် အမှုက ပိတ်သိမ်းသွားနိုင်ပါတယ်။ နောက်တစ်ခုက ပြင်စာကျေးရွာက တောင်သူသုံးဦးကို အမှုထပ်ပြီးတော့ဖွင့်လိုက်တာပါ။ တရားလို ဦးကိုကိုလွင်ကနေ တရားထပ်စွဲဆိုထားတာပါ။ စုစုပေါင်း တောင်သူတွေကို စွဲဆိုထားတဲ့အမှုပေါင်းက ၁၁ မှု ရှိသွားပါပြီ။ အာမခံရုပ်သိမ်းခံခဲ့ရတဲ့ တောင်သူတွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံလျှောက်ထားမှု ပြုလုပ်ထားပါတယ်။ မြေယာ အငြင်းပွားမှုဖြစ်နေတဲ့အချိန်မှာ တောင်သူတွေအပေါ်မှာ ဒီလိုပုဒ်မတွေတပ်ပြီးစွဲဆိုနေတာ မသင့်တော်ပါဘူး။ တောင်သူတွေက မြေယာလည်း သိမ်းဆည်းခံထားရတယ်။ အမှုဖွင့်ခံရပြီး တရားလည်း စွဲဆိုခံထားရတယ်။ တရားမျှတမှုကတော့ မရှိဘူးပေါ့” ဟု ယာမြေသိမ်းဆည်းခံတောင်သူများ၏ အမှုအား အခမဲ့လိုက်ပါ ဆောင်ရွက်ပေးလျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက ပြောကြားသည်။

သိမ်းဆည်းယာမြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ခြင်းကြောင့် ပုဒ်မမျိုးစုံတို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ဒေသခံတောင်သူများနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူနှစ်ဦးတို့အပါ် ပြင်ဦးလွင်မြို့နယ်တရားရုံးက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ ဖေဖော်ဝါရီ၂၃ ရက်တွင် အာမခံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့နယ်တရားရုံးက အာမခံပေးခဲ့သည့်အပေါ် တရားလိုဖြစ်သူများက မကျေနပ်သဖြင့် ခရိုင်တရားရုံးသို့ အာမခံပြင်ဆင်ချက် လျှောက်ထားမှု(ရာဇဝတ်အထွေထွေမှု တင်သွင်းမှု) နှင့် ပတ်သက်၍ ဇွန် ၁ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးက အာမခံအား ပြန်လည်ရုပ်သိမ်းမှု ပြုလုပ်ခဲ့ပြီးနောက် ပြင်ဦးလွင်မြို့နယ် တရားရုံးက သြဂုတ် ၁၀ ရက် ရုံးချိန်းတွင် အာမခံရုပ်သိမ်းခြင်းခံထားရသည့် ဒေသခံတောင်သူခုနစ်ဦးနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူတစ်ဦးတို့ကို အချုပ်ဖြင့် အမှုရင်ဆိုင်ရန် အမိန့်ချမှတ်ခဲ့သဖြင့် အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent