မူးယစ်ဆေးဝါးနှင့်စပ်လျဉ်းပြီး သတင်းပေးတိုင်ကြားရန် မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာန ဖွဲ့စည်းပြီးတိုင်ကြားရမည့် ဖုန်း၊ အီးမေးလ်လိပ်စာကို နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်

မူးယစ်ဆေးဝါးနှင့်စပ်လျဉ်းပြီး သတင်းပေးတိုင်ကြားရန် မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာန ဖွဲ့စည်းပြီးတိုင်ကြားရမည့် ဖုန်း၊ အီးမေးလ်လိပ်စာကို နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်
Published 27 June 2018

ဇွန် ၂၆ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားနေစဉ်

မူးယစ်ဆေးဝါးနှင့်စပ်လျဉ်းပြီး သတင်းပေးတိုင်ကြားနိုင်မည့် မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွဲ့စည်းထားပြီးတိုင်ကြားရမည့်ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ အီးမေးလ်လိပ်စာများကို ဇွန် ၂၆ ရက်တွင် ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့် ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်နှိမ်နင်းရေးအတွက် ပြည်သူများအနေဖြင့် အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၅၉၀၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ၀၆၇-၅၉၀၂၃၃ နှင့် အီးမေးလ်လိပ်စာ [email protected]  သို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပြည်သူများ၏ ပါဝင်မှုကို မြှင့်တင်ရန်၊ ဆုငွေချီးမြှင့်ရေး အစီအစဉ်များ၊ အကာအကွယ်ပေးရေး အစီအမံများ၊ သတင်းအချက်အလက်လုံခြုံရေး စနစ်များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေကြောင်း ဇွန် ၂၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် နိုင်ငံ တော်သမ္မတက ပြောကြားသည်။

“ဒီလိုဆောင်ရွက်ရာမှ သတင်းပေးသူတွေနဲ့ပေးပို့လာတဲ့ သတင်းအချက်အလက်တွေကို လုံခြုမှုကို အထူးဂရုပြုတဲ့အနေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့စပ်လျဉ်းပြီး သတင်းပေးတိုင်ကြားနိုင်မယ့် မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားဌာနတစ်ခုကို ကျွန်တော်တို့ရဲ့ နိုင်ငံတော်သမ္မတရုံးမှာ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများကို ထိထိရောက်ရောက် ဖော်ထုတ်ပြီး ပြစ်ဒဏ်ချမှတ်နိုင်ရန် ဖော်ထုတ်မှုများပြုလုပ်ရာတွင် ကွင်းဆင်းအားလုံး မပျောက်ပျက်အောင် အဆုံးအထိဖော်ထုတ်ရန်နှင့် မူးယစ်တိုက်ဖျက်ရေးတွင် သတင်းပေါက်ကြားမှုများ မဖြစ်ပေါ်စေရန်အတွက်  ဗဟိုအဖွဲ့၏ တိုက်ရိုက် ကွပ်ကဲကြပ်မတ်မှုအောက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ကို သီးခြားဖွဲ့စည်းထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် သတင်းပေးတိုင်ကြားသူများ ပေးပို့လာသည့် သတင်းအချက်အလက်များကို အခြေခံပြီး ဗဟိုတွင်ဖွဲ့စည်းထားသည့် အထူးအဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ကြောင်း၊ အထူးအဖွဲ့လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်မှန်သမျှ ပေါက်ကြားခြင်းမရှိရန် အချိန်တိုတိုအတွင်း လျင်လျင်မြန်မြန် ဖြန့်ကြက်ပြီး လျှပ်တစ်ပြတ် သွားရောက်ဖမ်းဆီးနိုင်ရန် အမိန့်ပေးကွပ်ကဲမှု လမ်းကြောင်းကို အတိုဆုံးဖြစ်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“သတင်းပေးတိုင်ကြားသူတွေရဲ့ တိုင်ကြားမှု၊ ဗဟိုမှာဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ရဲ့ ဖော်ထုတ်ဖမ်းဆီးမှုတွေကြောင့် ဖော်ထုတ်အရေးယူမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့အချိန်မှာ မူးယစ်ကုန်သည်တွေ၊ ရောင်းဝယ်ဖောက်ကားသူတွေရဲ့ တရားမဝင်ပိုင်ဆိုင်မှုတွေကို သတင်းပေးတိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနဲ့နိုင်ငံတော်အစိုးရ သင့်တင့်လျှောက်ပတ်တဲ့ အချိုးအစားနဲ့ပြန်လည်ခွဲဝေပေးမှာ ဖြစ်ပါတယ်။ သတင်းပေးနိုင်ကြားသူတွေကို ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေးရာမှာ သူတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်ခြင်းပြုလုပ်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေဖြစ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်” ဟုနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

ထိုသို့ မူးယစ်ဆေးဝါးပြဿနာကို အလေးထား ဦးစားပေးဆောင်ရွက်ရခြင်းမှာ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း တရားဥပဒေစိုးမိုးရေးကော်မတီအတွင်းရေးမှူးအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို လှည့်လည်ရာတွင် ကျောင်းသား ကျောင်းသူများသည် ကျောင်းချိန်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေကြသည်ကို စိတ်မကောင်းဖွယ်ရာ ကြားသိတွေ့ခဲ့ရကြောင်း၊ စာသင်ကျောင်းများ၌ပင် မူးယစ်ဆေးဝါးကို ကျောင်းသားလူငယ်များ အဖိုးနည်းနည်းဖြင့် လက်လှမ်းမီလွယ်လင့်တကူ သုံးစွဲနေကြသည့် သတင်းများ ကြားသိခဲ့ရကြောင်း နိုင်ငံတော် သမ္မတက ပြောကြားသည်။

“ဒါဟာ အလွန်ရင်နာစရာကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်မျှော်လင့်ချက်ဖြစ်တဲ့ လူငယ်တွေဟာ မူးယစ်ဆေး ဝါးတွေကို လွယ်လွယ်ကူကူရရှိပြီး မူးယစ်သား ကောင်တွေဖြစ်နေရတာဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကျရှုံးမှုနွံ့ထဲကို ပို့နေသလို ခံစားရပါတယ်။ ဒီလိုဖောဖောသီသီရနေတာက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် တရားဥပဒေစိုးမိုးရေးကို နယ်စပ်ဒေသတွေအထိ ဖြန့်ကြက်နိုင်ခြင်းမရှိတဲ့အတွက် ဝေးလံခေါင်းဖျားပြီး ဖွံ့ဖြိုးမှုနောက်ကျကျန်နေခဲ့တဲ့ ဒေသတွေမှာ ဘိန်းဖြူ၊ ဘိန်းစိုက်ပျိုးခြင်း၊ စိတ်ကြွဆေးဝါးများ ထုတ်လုပ်မှုအားကောင်းပြီး ထိရောက်စွာနှိမ်နင်းခြင်း၊ ကိုင်တွယ်ဖြေ ရှင်းနိုင်ခြင်း လစ်ဟင်းမှုကြောင့်ဖြစ်ခဲ့ရတာပါ” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် မေလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် အမှုပေါင်း ၁၃၆၄၀ မှုရှိခဲ့ပြီး မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏မီးရှို့ ဖျက်ဆီးမှုမှာ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၅၂၀၀၀၀ ရှိခဲ့ကြောင်း၊ ဧပြီ ၁ ရက်မှ ဇွန် ၁၉ ရက် အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အမှုပေါင်း ၂၂၄၁ မှုရှိခဲ့ကာ မူးယစ်တရားခံ ၃၁၇၅ ဦးကို အရေးယူထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။