<

၂၀၁၉ ခုနှစ်အတွင်း PUMA စွမ်းအင်ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်မည်ဖြစ်ပြီး ၁၀ နှစ်အတွင်း ဆိုင်ခွဲပေါင်း ၅၀ အထိ ဖွင့်လှစ်မည်

ဇွန် ၂၁ ရက်က Union Business Centre တွင် ပြုလုပ်သည့် PUMA စွမ်းအင်ကုမ္ပဏီ၏ သတင်းစာရှင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

လာမည့် ၂၀၁၉ ခုနှစ်အတွင်း စင်ကာပူ အခြေစိုက် PUMA စွမ်းအင်ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအတွင်း စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆယ်နှစ်အတွင်း ဆိုင်ခွဲပေါင်း ငါးဆယ်အထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဇွန် ၂၁ ရက်က Union Business Centre တွင် ပြုလုပ်သည့် PUMA စွမ်းအင်ကုမ္ပဏီ၏ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“လက်လီအပိုင်းကိုတော့ တိုးချဲ့ဖို့ရှိတယ်။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံး Brand ကို Market ထဲမှာပေါက်အောင်တော့ လုပ်ဖို့ ကြိုးစားနေတယ်။ အချိန်အနေနဲ့တော့ နည်းနည်းပြောဖို့ခက်တယ်။ ဒီမှာလည်း သူ့ရဲ့စိန်ခေါ်မှုလေးတွေ ရှိတာပေါ့။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံး ၂၀၁၉ လောက်ကိုတော့ ဖြစ်နိုင်အောင်လို့ ကျွန်တော်တို့ကြိုးစားနေတာတော့ ရှိတယ်” ဟု PUMA စွမ်းအင်ကုမ္ပဏီ၏ Commercial Manager ဦးဝေလျံမင်းက ပြောကြားသည်။

PUMA ကုမ္ပဏီအနေဖြင့် စက်သုံးဆီ လက်လီအရောင်းဆိုင် စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ၁၀ နှစ်အတွင်း လက်လီအရောင်းဆိုင်သုံးဆယ်မှ ငါးဆယ်အကြား တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆီဆိုင်အနေနဲ့ကတော့ အကယ်၍ အခွင့်အရေးရမယ်ဆိုရင် ဆီဆိုင်သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်တစ်ခုခုပေါ့နော် ဘယ်လောက်မြန်မြန်ရမလဲဆိုတာက ငါးနှစ်ကနေ ၁၀ နှစ်အတွင်း ချဲ့ဖို့တော့ရှိပါတယ်” ဟု ဦးဝေလျံမင်းက ပြောကြားသည်။

PUMA စွမ်းအင်ကုမ္ပဏီအနေဖြင့် စက်သုံးဆီလက်လီအရောင်းဆိုင်များကို ဈေးကွက်အများဆုံးဖြစ်သည့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ အများဆုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်းတက်ပါက ပြည်တွင်း စက်သုံးဆီဈေးကွက်၌ အဆိုပါဈေးနှုန်းအတိုင်း ဈေးနှုန်းမြင့်တက် ရောင်းချသော်လည်း နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်းပြန်ကျသော်လည်း ဈေးလျှော့ရောင်းချခြင်း မရှိသည့်အတွက် ဈေးကွက် လက်ဝါးကြီးအုပ်ရယူထားမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထို့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များကိုသာ ရောင်းချခွင့်မပြုလုပ်ဘဲ နိုင်ငံတကာမှ စက်သုံးဆီအရောင်းဆိုင်ကုမ္ပဏီများ ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

PUMA စွမ်းအင်ကုမ္ပဏီအနေဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက လက်လီရောင်းချခွင့်ကို ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရေးအတွက် ဈေးကွက်လေ့လာမှုများ ဆောင်ရွက်လျက်ရှိကြောင်း အထက်ပါ သတင်းစာရှင်းပွဲမှ သိရသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်တွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်းဆိုင် စုစုပေါင်းနှစ်ထောင်ကျော်ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ သိရသည်။

PUMA စွမ်းအင်ကုမ္ပဏီအနေဖြင့် သီလ၀ါဆိပ်ကမ်းတွင် စက်သုံးဆီကုဗမီတာ ၉၁,၀၀၀ အထိ သိုလှောင်နိုင်သည့် သိုလှောင်ကန်များကိုလည်း တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လက်ကားဖြန့်ဖြူးရေးအပိုင်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

June 21, 2018














Copy Protected by Chetan's WP-Copyprotect.