မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့အတွင်း မကြုံစဖူး ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး အကူအညီများ လိုအပ်နေ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့အတွင်း မကြုံစဖူး ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး အကူအညီများ လိုအပ်နေ
Published 18 June 2018

ပေါင်မြို့နယ် မုတ္တမမြို့တွင် ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်

ဇွန် ၁၇ ရက် နံနက် ၂ နာရီအချိန်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များ အပါအဝင် မော်လမြိုင်အနှံ မကြုံစဖူး ရေကြီးရေလျှံမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များဖြစ်ကြသည့် ဖက်တန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ စစ်ကဲကုန်းရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်များ အပါအဝင် လှိုင်ရပ်ကွက်၊ သာယာအေးရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်၊ တောင်ဝိုင်းရပ် အပါအဝင် နေရာအနှံ့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက် ၃ နာရီလောက် တောင်ကျရေစပြီး ဆင်းလာတယ်။ မိုးကလည်း သည်းနေတော့ ဆိုင်ကယ်တွေမျောတယ်။ ကားတွေလည်း ရေမြုပ်ကုန်တယ်။ မနက် ၆ နာရီလောက်မှာ လူတွေထွက်လာပြီးတော့ ကားတွေကို ရေလွတ်တဲ့နေရာကို ဝိုင်းဆွဲ၊ ဝိုင်းတွန်းလုပ်ကြရတယ်။ မနက် ၇ နာရီလောက်မှာ ရေတချက် ပြန်ကျသွားတယ်။ အဲဒီနောက်မှာ မိုးထပ်သည်းတော့ ရေက ပြန်တက်လာတယ်။ အဓိက,က ရွှေတောင်ရပ်ကွက်ကို ဖြတ်စီးနေတဲ့ ရေမြောင်းပိတ်ဆို့မှုကြောင့်အခုလို ဆိုးဆိုးရွားရွား ရေကြီးရေလျှံတာပါ။ အဲဒီ ရေမြောင်းက ဟိုးအရင်က လူနှစ်ရပ်စာလောက်နက်တယ်။ အခုတော့ မြောင်းထဲမှာ အမှိုက်တွေရော၊ အိမ်တွေက ကျူးတာတွေရောနဲ့ အဲဒါတွေကြောင့် ရေကြီးတာပါ။ ဒီရေမြောင်းက စစ်ကဲကုန်းရပ်ကွက်နဲ့ ရွှေတောင်ရပ်ကွက်ကို ဖြတ်စီးတဲ့မြောင်းဖြစ်တော့ အဲဒီရေမြောင်းကို သေချာမလုပ်ဘူးဆိုရင် နောင်လည်း ရေကကြီးနေဦးမှာပဲ” ဟု ရွှေတောင်ရပ်ကွက်တွင် နေထိုင်သည့် ကိုမဲလေးက ပြောကြားသည်။

“အမှိုက်တွေကို ဒီမြောင်းထဲပစ်ကြတယ်။ မြောင်းကို ကျူးကျော်ပြီး အဆောက်အအုံတွေ ဆောက်ကြတယ်။ အဲဒီအတွက် မြောင်းပိတ်ပြီး ရေလျှံတာပါ။ ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး။ ဒါ ပထမဆုံးအကြိမ်ဖြစ်တာ” ဟု ရွှေတောင်ရပ်ကွက်တွင်နေထိုင်သူ ကိုဇေယျာလင်းက ပြောကြားသည်။

“မြိုင်သာယာရပ်ကွက် ၆ လမ်းနဲ့ ၈ လမ်းကြားမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေလို့ အကူအညီ တောင်းခံလာသည့်အတွက် မနက် ၃ နာရီလောက် သွားရောက်ကူညီမှုတွေ လုပ်ဆောင်ခဲ့တယ်။ အဲဒီနေရာပြီးတော့ တောင်းဝိုင်းရပ်ကွက်မှာ ရေတွေကြီးနေတယ်ဆိုလို့ သွားရောက် လူ ၅၀ လောက်နဲ့ တိရစ္ဆာန်တွေကိုသွားပြီး ကယ်ထုတ်ခဲ့ရပါတယ်။ အဲဒီနေရာပြီးတော့ တောင်ဝိုင်းရပ် မေတ္တာလမ်းမှာ အိမ်တွေရေမြုပ်နေတယ်ဆိုတော့ အဲဒီနေရာမှာ မီးသတ်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ လူပေါင်း ၁၀၀ ကျော်လောက် သွားကယ်ခဲ့ရပါတယ်။ မိုးရေချိန်များပြီးတော့ တောင်ကျရေဆင်းတော့ ရေစီးကသန်တယ်။ ရေစီးထဲမှာ လူတွေကို ခက်ခက်ခဲခဲ ကယ်ခဲ့ရပါတယ်” ဟု ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောကြားသည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့တောင်ရိုးတန်းရှိ ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်ကြီး၏ အရှေ့ဘက်စောင်းတန်းဘေးတွင် မြေပြိုကျမှုကြောင့် စောင်းတန်းအနီးရှိ ဓာတ်လှေကားမှာ အနည်းငယ် တိမ်းစောင်းမှုဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းဓာတ်လှေကားအောက်ဘက် ဈေးဆိုင်ခန်းများမှ လူများအား ရွှေ့ပြောင်းခိုင်းထားရကြောင်းနှင့် စေတီတော်ကြီး၏ အနောက်ဘက်စောင်းတန်းအနီးတွင်လည်း မြေပြိုကျမှုကြောင့် အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန် ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မိုးစဲပြီး မော်လမြိုင်ပေါ်ရပ်ကွက်များ အပါအဝင် အချို့နေရာများတွင် ရေများပြန်လည် ကျဆင်းခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီအထိ မော်လမြိုင်မြို့ရပ်ကွက်အချို့တွင် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားကြောင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် မြေပြိုခြင်း၊ အပင်များနှင့် ဓာတ်တိုင်များ၊ လဲပြိုခြင်း၊ လမ်းများပေါ်ရှိ သဲများ၊ နှုန်းများနှင့် အမှိုက်သရိုက်များအား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာအဖွဲ့မှ ဝန်ထမ်းများ၊ လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် မြို့ခံပြည်သူများက ဝိုင်းဝန်း ရှင်းလင်းကြလျက် ရှိသည်။

အလားတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့အပြင်၊ ပေါင်မြို့နှင့် မုတ္တမမြို့များရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ မော်လမြိုင်-ရေးကားလမ်းပေါ်ရှိ မုဒုံမြို့နယ် ရောင်ဒေါင်းကျေးရွာအနီးတွင် ကားလမ်းမပေါ် ရေကျော်နေသဖြင့် ကားလမ်းအား ခေတ္တပိတ်ထားခဲ့ရခြင်း၊ ကျိုက်မရော-မုဒုံကားလမ်းပေါ်ရှိ ဘုရားနှစ်ဆူအနီး တံတားတစ်စင်းမှာ ရေတိုက်စားမှုကြောင့် ပြိုကျခြင်းနှင့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေလိမ့်ဆင်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။