နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၆၅ ကျပ်အထိ ခုန်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ် ၂၀ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်လာ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၆၅ ကျပ်အထိ ခုန်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ် ၂၀ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်လာ
Published 17 June 2018

ဇွန် ၁၆ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၆၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ် ၂၀ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်လာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ဇွန် ၁၅ ရက်တွင် ၉၅ ပွိုင့်အထက်ရောက်ပြီး  ၉၄ ဒသမ ၈၀ ပွိုင့်ဖြင့် ဈေးပိတ်ခဲ့ကာ ဇွန် ၁၆ ရက်တွင် ပြည်တွင်းဈေးကွက်၌ တစ်ဒေါ်လာ ၁၀ ကျပ်ခုန်တက်၍ ၁၃၆၅ ကျပ်အထိ မြင့် တက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ၂၀၁၇ ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂ ပွိုင့်အထိမြင့်တက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ၈၈ ဒသမ ၆၃ ပွိုင့်အထိ ကျဆင်း ခဲ့သည်။ ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ညွှန်းကိန်းများမှာ ဒီဇင်ဘာ တွင် ၉၄ ဒသမ ၁၈ ပွိုင့်၊ ဇန်နဝါရီတွင် ၉၂ ဒသမ ၃၆ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်ဖြစ်သည်။ ဧပြီလကုန်ပိုင်း အထိ ၉၁ ပွိုင့်အထက်တွင်ရှိသော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် မေ ၁ ရက်တွင် ၉၂ ပွိုင့်အထက်၊ မေ ၁၅ ရက်တွင် ၉၃ ပွိုင့် အထက်၊ မေ ၂၅ ရက်တွင် ၉၄ ပွိုင့်အထက်၊ ဇွန် ၁၅ ရက်တွင် ၉၅ ပွိုင့်အထက် ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာ သာကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ် တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ တို့ဖြစ်ပြီး ဇန်နဝါရီတွင် ကွာဟချက်အများဆုံးဖြစ်ပေါ် ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် မတ် ၂၁ ရက်တွင် ၁၃၃၄ ကျပ် ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ်အထိ၊ ဧပြီလဆန်းတွင် ၁၃၂၄ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဧပြီလကုန်ပိုင်း ၂၈ ရက်တွင် ၁၃၃၁ ကျပ်၊ မေ ၂၁ ရက်တွင် ၁၃၅၁ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဇွန် ၉ ရက်တွင် ၁၃၄၆ ကျပ်၊ ဇွန် ၁၅ ရက်တွင် ၁၃၅၅ ကျပ်၊ ဇွန် ၁၆ ရက်တွင် ၁၃၆၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇွန် ၁၅ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ ၁၃၅၉ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇွန် ၁၆ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၅၈၅ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၀၀၉ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၁ ဒသမ ၅ကျပ်၊ ထိုင်း ဘတ် ၄၂ ဒသမ ၄ ကျပ်၊ တရုတ်ယွမ် ၂၁၀ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၂၅ ကျပ်၊ တောင် ကိုရီးယားဝမ် ၁ ဒသမ ၂၈ ကျပ်ဖြစ်သည်။