မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နဂဒေသ၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရေကြီးမှုများ၊ ကမ်းပါးပြိုမှုများဖြစ်ပွားကာ လူသေဆုံးမှုများရှိခဲ့

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နဂဒေသ၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရေကြီးမှုများ၊ ကမ်းပါးပြိုမှုများဖြစ်ပွားကာ လူသေဆုံးမှုများရှိခဲ့
Published 16 June 2018

ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- မင်းသူဝင်းထွဋ်)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသ၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရေကြီးမှုများ၊ ကမ်းပါးပြိုမှုများဖြစ်ပွားကာ လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း အဆိုပါ ဒေသများတွင် နေထိုင်သူများထံမှ သိရသည်။

ဇွန်လဆန်းပိုင်းမှစတင်ကာ မြန်မာနိုင်ငံ နေရာအနှံ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းဖြစ်ပြီး စံချိန်တင် မြစ်ရေများလည်း မြင့်တက်ခဲ့ကာ စံချိန်တင် မိုးရွာသွန်းမှုများလည်း ရှိခဲ့သည်။

မကွေးတိုင်းဒေသကြီးတွင် ရေဘေးရှောင် ပြည်သူများနေအိမ်များသို့ မပြန်နိုင်သေးဘဲ ရေကြီးမှုကြောင့် ငါးဦးသေဆုံး၍ သုံးဦးဒဏ်ရာရခဲ့

မကွေးတိုင်းဒေသကြီးတွင် ရေဘေးရှောင်ပြည်သူများ နေအိမ်သို့မပြန်နိုင်သေးဘဲ ရေကြီးမှုကြောင့် ငါးဦးသေဆုံး၍ သုံးဦးဒဏ်ရာရခဲ့ကြောင်းဒေသခံများနှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉  ရက်မှ ၁၄ ရက် ညနေပိုင်းအထိ မိုးရက်ဆက်ရွာသွန်းခဲ့မှုကြောင့် ချောင်းများအားလုံးတွင် ကမ်းလုံးပြည့်ရေပြည့်ရေလျှံ စီးဆင်းခဲ့ကြောင်း  မိုးများလွန်းမှုကြောင့် ဧရာဝတီမြစ်အနောက် ဘက်ကမ်းရှိမုန်း၊ မန်း၊ စလင်း စသည့်ချောင်း များပေါ်ရှိ ဆည်တမံကြီးများမှ ရေပိုရေလွှဲများတွင် ရေလျှံလျက်ရှိကြောင်း ချောင်းရေများ ာလွန်းမှုကြောင့် ချောင်းများနံဘေးဝဲယာရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ နေအိမ်ရေ နစ်ခံရသူများသည် ဇွန် ၁၅ ရက်အထိ ရေဘေးရှောင်စခန်းများနှင့် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် နေထိုင်ရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါချောင်းများတွင် ကမ်းလုံးပြည့် ရက်ရှည်ရေစီးဆင်းမှုကြောင့် ပခုက္ကူ၊ စလင်း၊ မင်းဘူး (စကု)၊ ရေနံချောင်း၊ သရက်၊ ကံမမြို့များမှ လူဦးရေ ၆၀၀၀ နီးပါး ရေဘေးရှောင်ခဲ့ရသည်။

“မန်းချောင်းရေက ဒီနေ့ (ဇွန် ၁၅ ရက်)မှာ ပြန်ကျနေပါပြီ။ အခုမနက်ပိုင်းမှ အောက်ခြေတော်ရာကို ဖုံးအုပ်ထားတဲ့ ဖန်အုပ်ဆောင်းကြီး ပြန်ပေါ်တဲ့အထိ ရေကျနေပါပြီ။ မနေ့က ရေတိုင်းတာပြင်းလွန်းတော့ အောက်ခြေတော်ရာတန်ဆောင်းနဲ့ တစ်ဆက်တည်းရှိနေတဲ့ နဂါးရုံဘုရားရဲ့ သံတိုင်တစ်တိုင် မျောပါသွားပါတယ်။ ခြေတော်ရာတန်ဆောင်းက တိုင်လုံးတွေမှာတော့ ရေတိုက်စားလို့ အပေါ်က ရွှေချထားတာတွေ ကွာကျကုန်ပါတယ်။ ဒိုက်တွေအမှိုက်တွေလည်း တန်ဆောင်းပေါ်တင်ကျန်နေခဲ့ပြီး ဒါတွေကလည်း နှစ်စဉ်ရေတက် တိုင်းဖြစ်နေကျတွေပါ” ဟု ရွှေစက်တော်ဘုရားတွင် နေထိုင်သည့် ကိုမောင်ကျော်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ကျွန်မတို့ရုံးမှာ ဇွန် ၁၄ ရက်နေ့မှာ ရရှိထားတဲ့ စာရင်းတွေအရ နေအိမ်တွေရေဝင်လို့ ရွှေ့ပြောင်းနေရသူ ဦးရေက ၅၉၈၀ ရှိပြီး သူတို့အတွက် ဆန်ဖိုးထောက်ပံ့ထားတာက စုစုပေါင်း ကျပ် ၁၀၉ သိန်းကျော်ရှိပါတယ်။ နေအိမ်တွေ လုံးဝမျောပါသွားတာနဲ့ တစ်ဝက်တစ်ပျက် ပျက်စီးခဲ့တာက ၆၁ လုံးရှိပြီး သူတို့ အတွက် ထောက်ပံ့ပေးထားတာက ကျပ် ၇၅  သိန်းကျော် ရှိပါတယ်။ လူသေဆုံးမှုတွေက စကု၊ စလင်း၊ မင်းတုန်း၊ မင်းလှ၊ ပွင့်ဖြူမြို့တွေက တစ်ဦးစီရှိခဲ့ပါတယ်” ဟု ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း နှစ်ပေါင်း ၄၀ ကျော်တွင် မိုးရေချိန်လက်မများ စံချိန်တင် ရွာသွန်းခဲ့ပြီး ဆည်တမံကြီးများ၏ ရေပိုလွှဲများမှ ရေလျှံကျမှုသည်လည်း ၂၀၁၅ ခုနှစ် ရေဘေးကာလကထက် ပိုမိုများပြားကာ စံချိန်သစ်များတင်ခဲ့ကြောင်း သိရသည်။

တောင်ကျချောင်းရေဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ရှိ ဘက်ရဲမြို့၌ ကမ်းပြိုမှုဆိုးဝါးလာ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ ဘက်ရဲမြို့၌ တောင်ကျချောင်းရေဒဏ်ကြောင့် ကမ်းပြိုမှုဆိုးဝါးလာကြောင်း သိရသည်။

တောင်ကျချောင်းရေ တိုက်စားမှုကြောင့် နေအိမ်များထပ်မံပြောင်းရွှေ့ရန်ပင် မြေနေရာ အခက်အခဲရှိလာသည့် အခြေအနေထိ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

“ဘက်ရဲ မရမ်းတန်းက နှစ်စဉ်ရေတိုက်စားခြင်းခံနေရတာ။ နှစ်နှစ် သုံးနှစ်အတွင်း ဒီလိုအခြေအနေမျိုးထိ ရောက်သွားပြီ။ ဒီနှစ်ဆိုရင် တော်တော်ဆိုးဆိုးဝါးဝါး အခြေအနေရောက်နေပြီ။ အိမ်တွေရွှေ့ရင်း ရွှေ့ရင်းနဲ့ နောက်ထပ်ထပ်ပြီး ရွှေ့လို့မရတဲ့အခြေအနေ အထိရောက်နေပြီ” ဟု ဘက်ရဲမြို့၊ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ပြောကြားသည်။

ကမ်းပြိုမှုဆိုးဝါးနေသည့်နေရာမှာ စာသင်ကျောင်း၊ ကြိုးတံတား စသည့်နေရာတို့နှင့်ပါ နီးကပ်လာသဖြင့် ထိခိုက်ဆုံးရှုံးမှုများစွာ မဖြစ်ပေါ်စေရေးအတွက် မဖြစ်မနေကာကွယ် ပေးရန်လိုအပ်နေကြောင်း ကြံခင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောကြားသည်။

“သဘာဝပတ်ဝန်းကျင်ပျက်စီးနေတာ တွေကတစ်ပိုင်း၊ ဖောက်ပြန်နေတဲ့ရာသီဥတုက တစ်ပိုင်းနဲ့ နှစ်စဉ်ချောင်းရေကြီးမှုဒဏ်ကို ခံစားရပါတယ်။ ရေတိုက်စားမှုကြောင့် ဘက်ရဲမြို့မှာ အပိုင်းသုံးပိုင်း ကမ်းပါးပြိုမှုတွေ ကြုံတွေ့နေရပါတယ်။ လူနေအိမ်ခြေတွေက ပြောင်းစရာနေရာ မရှိတော့ဘူး။ ကျောင်းသား ၈၀ ကျော်လောက် ပညာသင်နေတဲ့ စာသင်ကျောင်းဟာဆိုရင်လည်း ကျောင်းဆောင်ဟာ ကမ်းပါးနဲ့နီးကပ်နေပြီ။ လမ်းပန်းဆက်သွယ်ရေးအတွက် မှီခိုနေရတဲ့ ကြိုးတံတားတစ်စင်း၊ ဘက်ရဲမြို့ဝန်းကျင် အုပ်စုတွေက ကျေးရွာအများစုကလည်း ဒီကြိုးတံတားနဲ့ပဲ အသုံးပြုပြီး ဈေးရောင်းဈေးဝယ်တွေ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကအစ အသုံးပြုနေရတဲ့အတွက် မဖြစ်မနေကာကွယ်ဖို့ လိုပါတယ်။  နေထိုင်ဖို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကိုလည်း အကောင်းဆုံးနေရာဖန်တီးပေးဖို့ ကာကွယ်ပေးဖို့လည်း လိုပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်းက ပြောကြားသည်။

မိုးရွာသွန်းမှုကြောင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိလမ်းများ ပျက်စီး

မိုးရွာသွန်းမှုကြောင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လမ်းများတွင် တောင် ပြိုခြင်း၊ လမ်းသားပဲ့ပါခြင်း၊ လမ်းပျက်စီးခြင်းတို့ဖြစ်ပေါ်လျက်ရှိပြီး သွားလာရခက်ခဲနေသည်ဟု သိရသည်။

“ချောင်းရေစီးပြီး လမ်းတွေ တိုက်စားသွားတာမျိုး၊ ရေကျော်တွေ တိုက်စားတာမျိုး၊ အပေါ်ကနေမြေပြိုပြီး လမ်းကို လာဖိတာမျိုးပေါ့။ တစ်နေရာကို ပေ၄၀၀၊ ၅၀၀ လောက် ဝန်းကျင်ရှိတယ်။ အဲဒီလိုဟာမျိုး ခုနစ်ခု ရှိတယ်။ အခု လောလောဆယ် ကျွန်တော်တို့ မှန်းသလောက်ဆို တစ်လလောက်တော့ မလွယ်ကူလောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောင်ပေါ်လမ်းကတော့ ပြင်လိုက်ရင် ပြန်ပြန်ပြိုလာတာ။ ပန်ဆောင်- နန်းယွန်းကြားကတော့ လမ်းပြိုတာ မြေပြိုတာတို့ မရှိဘူး။ အရင်က ဗွက်တန်း နေရာကတော့ ဒီအတိုင်းပဲ။ နန်းယွန်း - ရှင်ဗွေယန် ဆင်းတဲ့ လမ်းကတော့ တစ်နေရာ ပြိုသွားတယ်။ အဲဒါကို ဘက်ဟိုးတစ်စီးနဲ့ ဖယ်လိုက်တော့ အဲဒီနေရာ လူတွေတော့ သွားလာလို့ ရတယ်။ နန်းယွန်း - ရှင်ဗွေယန်လမ်းကတော့ အနည်းဆုံး ဆိုင်ကယ်တော့ သွားရတယ်။ နန်းယွန်း - ပန်ဆောင်လမ်းလည်း ဆိုင်ကယ်တော့ ရောက်အောင် သွားလို့ရတယ်။ ရာသီဥတုကတော့ မိုးရွာတာ ပုံမှန်ရွာနေဆဲပဲ။ ဒါက သဘာ၀ ဘေးကြောင့်ကနေ ဖြစ်တာလေ” ဟု နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လဟယ် - ဆင်သေလမ်းနှင့် လေရှီး-  ထမံသီလမ်းတို့တွင်လည်း မြေပြိုခဲ့မှုကြောင့် လမ်းပိတ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ လေရှီး - ထမံသီလမ်းကို နေ့ချင်းပြီး မြေစာများ ဖယ်ရှားခဲ့မှု ပြန်လည်လမ်းပွင့်ခဲ့သည်ဟု သိရသည်။

ပုသိမ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြို့ပေါ်နေရာအနှံ့ ရေဝင်နစ်မြုပ်

ပုသိမ်မြို့တွင် ဇွန် ၁၄ ရက်ညပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး  မြို့ပေါ်နေရာအနှံ့အပြားတွင် ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှ သိရသည်။

ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် မိုးသည်းထန် စွာရွာသွန်းခဲ့ပြီးနောက် မြို့ပေါ်လမ်းမများနှင့် ရပ်ကွက်နေအိမ်များအပါအဝင် အခြေခံပညာ ကျောင်းအချို့လည်း ရေဝင်နစ်မြုပ်မှုကြောင့် ယာယီပိတ်ထားရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

“ရေစီးရေလာမကောင်းတော့ မိုးရေတွေ အင်မတန်ကြီးနေတာဖြစ်တယ်။ လမ်းအတော်များများမှာလည်း မိုးရေတွေလျှံပြီးသွား ရေးလာရေးအတော်လေး အနှောင့်အယှက် ဖြစ်ရပါတယ်။ ဖြစ်ရခြင်းအကြောင်းက မြစ်ရေမြင့်တက်လို့ မဟုတ်ဘူး” ဟု ပုသိမ်မြို့ခံ ဦးမိုးဇော်က ပြောကြားသည်။

ပုသိမ်မြို့ရှိ ငဝန်ကျွန်းသာနှင် လယ်တီရွှေနှင်းဆီရပ်ကွက်များသည် ရေပိတ်ဆို့မှုဆိုး ဝါးကာရေများပုပ်သည်အထိ ဖြစ်ပွားနေကြောင်း၊ ပုသိမ်ဈေးချောင်း ချောင်းတူးဖော်ထားပြီး အဆိုပါချောင်းအတွင်းသို့ ဝင်ရောက်နိုင်မည့် မြောင်းလက်တက်များဖောက်ပေးရန် လိုအပ်ကြောင်း၊ ဈေးချောင်းချောင်းကဲ့သို့ အခြားတိမ်ကောနေသောချောင်းများပါ ပြန်လည်တူးဖော်ရန်လိုအပ်ကြောင်း ဆက်လက် ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းသဖြင့် ကုလားတန်မြစ်လက်တက် ယိုးချောင်းရေ မြင့်တက်ကာ ချောင်းကမ်းဘေး ကျေးရွာအများအပြား ရေလွှမ်းမိုး

မိုးသည်းထန်စွာရွာသွန်းသဖြင့် ကုလားတန်မြစ်လက်တက် ယိုးချောင်းရေမြင့်တက်သဖြင့် ချောင်းကမ်းဘေး ကျေးရွာအများအပြားရေလွှမ်းမိုးဒဏ်ကို ခံနေရသည်။

“မိုးက အဆက်မပြတ်ရွာတော့ ညကတည်းက ရေတဖြည်းဖြည်းတက်နေတာ တစ်ရွာလုံး ရေလွှမ်းတယ်။ အမြင့်ပိုင်းက နေအိမ်တွေမှာတောင် ရေတစ်ပေလောက်အထိရေ ဝင်တယ်။ ဒီရေတက်ရက်ဆိုတော့ ရေကတော်တော်နဲ့ ပြန်မဆင်းဘူး” ဟု ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာသားတစ်ဦးက ပြောကြားသည်။

ထို့ပြင် ချောင်းအထက်ပိုင်းကျေးရွာများလည်း ရေနစ်နေပြီး စာသင်ကျောင်းများ ပိတ်ထားရကြောင်းနှင့် တစ်ရွာနှင့်တစ်ရွာ အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် စစ်တွေ - ကျောက်တော် ကားလမ်းပိုင်းတချို့ရေကျော်နေသဖြင့် မော်တော်ကားများ ခက်ခက်ခဲခဲသွားလာနေရပြီး ကားလမ်းဘေး ချောင်းကမ်းနားမှ ပန်းဖဲချောင်း ကျေးရွာမှ နေအိမ်အများအပြားလည်း ရေမြုပ်ခဲ့ကြောင်း သိရသည်။

တောင်ကျရေကြောင့် ယိုးချောင်းရေ မြင့်တက်လာသည့်အတွက် ယိုးတရုတ် ကျေးရွာတွင် ယခင်နှစ်များထက် နေအိမ်များ ရေဝင်နစ်မြုပ်ပြီး တိုက်နယ်ဆေးရုံတွင်လည်း ရေဝင်ခဲ့ကြောင်း သိရသည်။ ဇွန် ၁၅ ရက်နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုမရှိသဖြင့် ရေထပ်မတက်တော့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။