အွန်လိုင်းမှတစ်ဆင့် တစ်ကမ္ဘာလုံး တစ်ပြိုင်နက်ဖြေဆိုရသော MRCPCH ဝင်ခွင့်စာမေးပွဲ မြန်မာနိုင်ငံ၌ ကျင်းပစဉ် တစ်နာရီခွဲကြာ မီးပျက်ခဲ့သောကြောင့် ဖြေဆိုသူအများစု ဖြေဆိုခွင့်မရ

အွန်လိုင်းမှတစ်ဆင့် တစ်ကမ္ဘာလုံး တစ်ပြိုင်နက်ဖြေဆိုရသော MRCPCH ဝင်ခွင့်စာမေးပွဲ မြန်မာနိုင်ငံ၌ ကျင်းပစဉ် တစ်နာရီခွဲကြာ မီးပျက်ခဲ့သောကြောင့် ဖြေဆိုသူအများစု ဖြေဆိုခွင့်မရ
Published 15 June 2018

အွန်လိုင်းမှတစ်ဆင့် တစ်ကမ္ဘာလုံး တစ်ပြိုင်နက်ဖြေဆိုရသော ဗြိတိန်နိုင်ငံ တော်ဝင်ဘုရင့်တက္ကသိုလ် အသိအမှတ်ပြု MRCPCH ဝင်ခွင့်စာမေးပွဲ မြန်မာနိုင်ငံ၌ ကျင်းပစဉ် အချိန်တစ်နာရီခွဲကြာ မီးပျက်ခဲ့သောကြောင့် ဖြေဆိုသူအများစု ဖြေဆိုခွင့် မရခဲ့ကြောင်း ယင်းဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စာမေးပွဲကို ဇွန် ၁၃ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကလေးအထူးကုဆရာဝန် ၄၀ ဝန်းကျင် ဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုချိန် နေ့လည် ၁ နာရီမှ ၃ နာရီခွဲကြား ဖြေဆိုရသည့် စာမေးပွဲ Part I ဖြေဆိုချိန်တွင် နေ့လည် ၁ နာရီခွဲ မှ ၃ နာရီအထိ တစ်နာရီခွဲကြာ မီးပျက်ခဲ့ခြင်းကြောင့် ဖြေဆိုခွင့် မရခဲ့ကြောင်းနှင့် အဆိုပါ စာမေးပွဲကို လက်ခံကျင်းပပေးသည့် ကုမ္ပဏီဘက်မှလည်း မီးပျက်ချိန်တွင် မီးစက်နှိုးပေးခြင်း မရှိခဲ့ကြောင်း စာမေးပွဲ ဖြေဆိုခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။

“စာမေးပွဲက အွန်လိုင်းကနေ တစ်ကမ္ဘာလုံး တပြိုင်နက် ဖြေရတာပါ။ ဖြေတဲ့အချိန်က မြန်မာစံတော်ချိန် နေ့လည် ၁ နာရီကနေ ၃ နာရီခွဲအထိ တစ်ချိန်ရယ် ညနေ ၅ နာရီကနေ ၇ နာရီအထိရယ် ဆိုပြီး အချိန်နှစ်ပိုင်းခွဲ ဖြေရပါတယ်။ အဲဒီမှာ နေ့လည် ၁ နာရီကနေ ၃ နာရီခွဲအတွင်း ဖြေရတဲ့ Part I ဖြေနေတဲ့အချိန် မှာ မီးပျက်သွားတယ်။ စာမေးပွဲအချိန်က ၁ နာရီကတည်းက စတာဆိုတော့ ဖြေတဲ့အချိန် နာရီဝက်အတွင်းမှာ တချို့က မေးခွန်း ရှစ်ပုဒ်၊ ခြောက်ပုဒ်လောက် ပြီးနေကြပြီ။ ပုံမှန်ဆို မီးပျက်ရင် ကုမ္ပဏီက မီးစက် ပြန်နှိုးပေးရမှာလေ။ ဖြေဖို့လုပ်ပေးတဲ့ ကုမ္ပဏီက ပုဇွန်တောင်မြို့နယ်က G.L.C Technology ကုမ္ပဏီပါ။ ဗြိတိန်ကလုပ်တာ တစ်ကမ္ဘာလုံး တစ်ပြိုင်နက် ဖြေရတဲ့အတွက် အရေးကြီးတယ်။ သေချာ ဖြေရတာ ဖြစ်တယ်။ အဲဒီကုမ္ပဏီက မီးစက်နှိုးပေးဆိုတော့ မီးစက်မရှိဘူး။ တစ်နာရီခွဲလုံး ဖြေမယ့်သူတွေက ထိုင်စောင့်နေရတယ်။ တချို့ကလည်း ဆက်ဖြေရမလား။ ပြန်ရမလားဆိုပြီး ဖြစ်ကြတယ်။ စာမေးပွဲအတွက် သွင်းရတဲ့ ပိုက်ဆံက မြန်မာငွေကျပ် ၁၂ သိန်းဆိုတော့ စိတ်ပူကြတာပေါ့။ အဲဒီက တာဝန်ခံကိုလည်း မေးတယ်။ သူကလည်း ဘာမှမသိဘူး။ မီးသမားကို စောင့်ပါ။ ဖုန်းဆက်ပေးမယ်ပေါ့။ အဲဒီ ကုမ္ပဏီပိုင်ရှင်နဲ့ တွေ့မယ်ပြောတော့ ပိုင်ရှင်က ထိုင်ဝမ်နိုင်ငံသား ဖြစ်နေတယ်။ ဒီမှာမရှိဘူး။ ဘယ်သူမှလည်း တာဝန်ယူပေးမယ့်သူ မရှိဘူး။ နောက် ခဏကြာတော့ မီးပြန်လာတယ်။ ဘာပြဿနာ တက်သလဲဆိုတော့ System Error ဖြစ်သွားတဲ့အတွက် ဖြေလို့ရတဲ့ သူတွေလည်း ရှိသလို ဖြေလို့မရတဲ့ သူတွေလည်း ရှိခဲ့တယ်။ မီးပြန်လာတော့ ဖြေမလို့ လုပ်နေတုန်း ဖြေမယ့် စာတွေက တက်မလာတော့တဲ့အတွက် အရှုံးခံလိုက်ရတဲ့ သဘောပေါ့။ ကျွန်တော်တို့ သိချင်တာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီကို ဖြေတဲ့သူတွေက အကြိမ်ကြိမ် ဆက်သွယ်တယ်။ ကုမ္ပဏီက တာဝန်ခံပြီး ဖြေရှင်းပေးတာ မရှိဘူး။ ဖုန်းပိတ်ထားတယ်။ ကုမ္ပဏီပိုင်ရှင်ဆိုတဲ့ ထိုင်ဝမ်နိုင်ငံသားကို ဖုန်းဆက်မေးကြတော့ ကောင်းကောင်း ပြန်မဖြေဘူး။ နောက်ပိုင်း ဖုန်းဆက်ရင် လုံး၀ မကိုင်တော့ဘူး။ တာဝန်ယူ ဖြေရှင်းပေးတာ မရှိတဲ့သဘော ဖြစ်နေပါတယ်”ဟု MRCPCH ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သူ တစ်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် လက်ခံ ကျင်းပပေးသည့် တာဝန်ရှိသူထံ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတွင် တာဝန်မရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ သူ့အား ဆက်မမေးရန် ပြန်လည် ဖြေကြားခဲ့သည်။ ဆက်လက်၍ စာမေးပွဲ လက်ခံကျင်းပပေးသည့် ပုဇွန်တောင်မြို့နယ်ရှိ G.L.C Technology ကုမ္ပဏီမှ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ဇွန် ၁၃ ရက် နေ့လည် ၁ နာရီခွဲမှ ၃ နာရီ အထိ တစ်နာရီခွဲကြာ မီးပျက်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ပုဇွန်တောင်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးဌာနမှ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ “အဲဒီအချိန် မီးပျက်တာက 230 KV မြောင်းတကာနဲ့ လှိုင်သာယာကူးတဲ့ မဟာဓာတ်အားလိုင်း လိုင်းကြိုးပျက်ကျလို့ မီးပျက်သွားတာပါ။ ရုံးချုပ်က ဒါကိုပြင်ဆင်တာ ဖြစ်ပါတယ်။ လိုင်းကြိုးပြင်တာက နာရီပိုင်းလောက်နဲ့ မရဘူး။ အချိန်ကြာပါတယ်။ ကျွန်တော်တို့ ပုဇွန်တောင်ကို မီးပြန်ဝင်တဲ့အချိန် မှော်ဘီလို နေရာမျိုးတွေ ညမိုးချုပ်တဲ့အထိ မီးမရသေးဘူး။ အဲဒီအချိန် ရန်ကုန်မြို့ တစ်ဝက်လောက်က မီးမရဘူး။ ရန်ကုန်တိုင်းမှာ မြောက်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့ပိုင်းခရိုင်အတွင်းက မြို့နယ်အချို့ မီးပျက်သွားပါတယ်” ဟု ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီအနေဖြင့် မည်ကဲ့သို့ တာဝန်ယူပေးမည် ဆိုသည်ကို သိရှိရန် စာမေးပွဲဖြေဆိုခဲ့သူ တစ်ဦးက G.L.C Technology ကုမ္ပဏီပိုင်ရှင် ထိုင်ဝမ်နိုင်ငံသားထံ အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းရာ ပိုင်ရှင်ဘက်မှ မြန်မာနိုင်ငံ မီးပျက်သည့်ကိစ္စမှာ ၎င်းတို့နှင့် မဆိုင်ကြောင်း၊ လျှပ်စစ်ပြဿနာကြောင့် ဖြစ်သည့်အတွက် တာဝန်မယူကြောင်း၊ ၎င်းတို့မှာ စာမေးပွဲဖြေဆိုရန် အခန်းနှင့် ကွန်ပျူတာသာပေးရန် စာချုပ်ချုပ်ထားခြင်း ဖြစ်ကြောင်း ပြန်လည် အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

MRCPCH စာမေးပွဲသည် ဗြိတိန်နိုင်ငံ တော်ဝင်ကောလိပ်၏ ကလေးဆေးပညာဆိုင်ရာ အဖွဲ့ဝင်ခွင့် စာမေးပွဲဖြစ်သည်။ အွန်လိုင်းမှ အကောင့်ဖွင့်ကာ ဆေးပညာဆိုင်ရာ ဘွဲ့လက်မှတ်များနှင့်အတူ ဦးစွာ မှတ်ပုံတင်ရပြီး စာမေးပွဲနေ့တွင် ကြီးကြပ်သူများ၏ ရှေ့မှောက်၌ အွန်လိုင်းမှတစ်ဆင့် တပြိုင်နက် တိုက်ရိုက်ဖြေဆိုရခြင်း ဖြစ်သည်။