ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားများ အထောက်အထား အပြည့်အစုံပြုလုပ်ရန် ထိုင်းအလုပ်သမားဝန်ကြီး ပြောကြား

ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားများ အထောက်အထား အပြည့်အစုံပြုလုပ်ရန် ထိုင်းအလုပ်သမားဝန်ကြီး ပြောကြား
Published 9 June 2018

ထိုင်းသို့အလုပ်သွားရောက်မည့် မြန်မာလုပ်သားများကို တာဝန်ရှိသူများက နယ်စပ်ဂိတ်တွင် စစ်ဆေးနေစဉ်

ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်ဝင်ရောက်လုပ်ကိုင်နေကြသည့် မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့် အထောက်အထား အပြည့်အစုံပြုလုပ်ကြရန် ထိုင်းအလုပ်သမားဝန်ကြီး Mr. Adul Saengsingkaew ပြောကြားသည်။

“ယခုနှစ် ဇူလိုင် ၁ ရက်နေ့မှစတင်၍ ဌာနဆိုင်ရာပေါင်းစုံပါဝင်မယ့် အထူးစစ်ဆေးရေး အဖွဲ့အစည်းတစ်ခုဖွဲ့စည်းပြီး ထိုင်းနိုင်ငံတစ်ဝှမ်းရှိ အလုပ်ရုံတွေ၊ နေထိုင်ရာအ ဆောက်အအုံတွေကို ဝင်ရောက်စစ်ဆေးမှု ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အလုပ်ရှင်တွေ အနေနဲ့ မိမိတို့ရဲ့အလုပ်သမားတွေ အထောက်အထား အပြည့်အစုံ ပြုလုပ်ထားရန် နဲ့ အထောက်ထားများပြုလုပ်ဖို့ ကျန်ရှိနေသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အချိန်မီ အထောက်ထားများပြုလုပ်ထားဖို့ လို အပ်ပါတယ်။ တရားမဝင်အလုပ်သမားများ ခိုင်းစေမှုများရှိပါက နေရပ်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်မယ်။ ပြီးရင် MoU စနစ်နဲ့ ပြန်လည်းခေါ်ယူမှုပြုလုပ်ပါမယ်” ဟု Mr.Adul Saengsingkae က ပြောကြားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းအလုပ်သမားဝန်ကြီးရုံးတွင် ဇွန် ၈ ရက် နံနက် ၉ နာရီခွဲခန့်ကပြုလုပ်သည့် ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားများအရေးကိစ္စ နှင့်စပ်လျဉ်း၍ အထူးအစည်းအဝေး၌ အလုပ်သမားဝန်ကြီး Mr.Adul Saengsingkae ကပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ထိုင်းအလုပ်သမား ဝန်ကြီးနှင့် အတွင်းဝန်၊ ထိုင်းပြည်ထဲရေးဌာနမှ အတွင်းဝန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန မှရဲချုပ်၊ ဘန်ကောက်မြို့တော်ဝန်ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံ၏ခရိုင်အသီးသီးမှ ခရိုင်မှူးများနှင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသံရုံးများမှ အလုပ်သမားသံအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားစိစစ်မှုလုပ်ငန်းစဉ်၌ မြန်မာ၊ လာအို၊ ကမ္ဘော ဒီးယားသုံးနိုင်ငံအနက် မြန်မာနိုင်ငံသည် အလုပ်သမားစိစစ်မှုလုပ်ငန်းစဉ်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံးနိုင်ငံဖြစ်၍ မိမိအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းလည်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အတူ မြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက “ဒီနှစ် မတ်လဆန်းပိုင်း ပြင်ဆင်ပြဋ္ဌာန်းထားသည့် ထိုင်းနိုင်ငံဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားဥပဒေအရ ခွင့်ပြု ချက်မရှိဘဲ အလုပ်လုပ်တာတွေ့ရင် အလုပ်သမားတစ်ဦးကို ဘတ်ငွေ  ၅၀၀၀ မှ ၁၀၀၀၀ အထိ ဒဏ်တပ်ခံရမှာဖြစ်ပါတယ်။ တရားမဝင် အလုပ်သမားခန့်ထားတဲ့ အလုပ်ရှင်အနေနဲ့တော့ အလုပ်သမားတစ်ဦးအတွက် ဒဏ်ငွေ အနည်းဆုံး ဘတ် ၁၀၀၀၀ မှ တစ် သိန်းအထိ။ ဥပဒေကို ထပ်တလဲလဲ ချိုးဖောက်ပါက ထောင်ဒဏ် တစ်နှစ်၊ ဘတ် ငါး သောင်းမှ နှစ်သိန်းထက် မပိုတဲ့ ငွေဒဏ်နဲ့ အလုပ်သမားငှားရမ်းခွင့် သုံးနှစ်ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံရှိ  မြန်မာနိုင်ငံ အလုပ်သမား သံအရာရှိရုံးအနေဖြင့် အထောက်အထားမပြည့်စုံသော မြန်မာရွှေ့ပြောင်းလုပ်သားများအား ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး အထောက်အထား ပြုလုပ်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။