အကျိုးတူ လယ်ယာဥပဒေ ကြန့်ကြာနေခြင်းကြောင့် လယ်သမားအချို့ ဆုံးရှုံးနစ်နာမှုများ ရှိနေသည်ဟု ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ပြောကြား

အကျိုးတူ လယ်ယာဥပဒေ ကြန့်ကြာနေခြင်းကြောင့် လယ်သမားအချို့ ဆုံးရှုံးနစ်နာမှုများ ရှိနေသည်ဟု ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ပြောကြား
Published 8 June 2018

ပဲခူးတိုင်းဒေသကြီးအတွက် ရေးဆွဲပြ ဌာန်းမည့် Contract Farming Law ကြန့်ကြာနေပြီး လက်ရှိ လုပ်ငန်းများတွင် လယ်သမားအချို့ ဆုံးရှုံးနစ်နာမှုများ ရှိနေသည်ဟု ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးအောင်ဇော်နိုင်က ဇွန် ၆ ရက်က UMFCCI ၌ ပြုလုပ်သည့် Learning Event on Myanmar Contract Farming ပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ ၂၀၁၇ ခုနှစ်ကတည်းက လွှတ်တော်ကို မူကြမ်းပို့ထားတယ်၊ ပို့ထားတော့ လွှတ်တော် ဥပဒေကြမ်းကော်မတီကနေပြီးတော့ ကျွန်တော်တို့ ပေးထားတဲ့ မူကြမ်းပေါ်မှာ သူတို့ဆွေးနွေးရမယ်၊ ဆွေးနွေးပြီးတော့ လွှတ်တော်က အတည်ပြုပေးရမယ်၊ လွှတ်တော်က အတည်ပြုပေးရင်တော့ ကျွန်တော်တို့က ကျင့်သုံးလို့ ရပြီပေါ့လေ၊ ဒါပေမဲ့ လောလောဆယ် လွှတ်တော်က မဆွေးနွေးသေးဘူး၊ မဆွေးနွေးသေးဘူး ဆိုတာက တခြားအရေးကြီးတဲ့ ဥပဒေတွေလည်း ရှိတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မြေယာခွန်ဥပဒေ၊ Contract Farming Law နှင့် အသေးစား စက်မှုလက်မှုဥပဒေ ဟူသည့် ဥပဒေမူကြမ်း သုံးခုကို လွှတ်တော်သို့ တင်ထားပြီး မြေယာခွန် ဥပဒေအား ဦးစားပေး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ငွေကြေးစိုက်ထုတ်သူ လုပ်ငန်းရှင်နှင့် မြေယာပိုင်ရှင် လယ်သမားများကြားမှ ပွဲစားကသာ နှစ်ဖက်စလုံးအား တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်နေပြီး အစိုးရမှ ကြားဝင်ကြီးကြပ်နိုင်ခြင်း မရှိသေးကြောင်းနှင့် လယ်သမားများဘက်မှ နစ်နာနိုင်ခြေ ပိုများကြောင်း ဝန်ကြီးက ပြောကြားသည်။

“နယ်စပ်မှာရှိတဲ့ ကုန်သည်တွေကနေပြီးတော့ တခြားနိုင်ငံမှာရှိတဲ့ မျိုးတွေ၊ တခြား သွင်းအားစု အကုန်လုံးကို လက်ခံပြီးတော့ ပြည်တွင်းမှာရှိတဲ့ တောင်သူတွေကို ကြားထဲက ပွဲစားတွေနဲ့ ဖြန့်ပေးလိုက်တယ်၊ အဲ့လူတွေကတစ်ဆင့် တောင်သူတွေကို စိုက်ခိုင်းတယ်၊ သီးနှံပေါ်လာတဲ့ အချိန်မှာကျတော့ ဈေးကွက်အာမခံချက် မရဘူး၊ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေအပေါ်မှာ အာမခံချက်ရှိတဲ့ ဈေးကွက် မဟုတ်ဘူး၊ ဝယ်ချင် ဝယ်တယ်၊ မဝယ်ချင် မဝယ်ဘူးဆိုတော့ တောင်သူတွေပဲ အများကြီး နစ်နာရတယ်၊ အဲဒီတော့ တောင်သူတွေရဲ့ ဆုံးရှုံးမှုတွေထဲမှာ အဲဒီလို မလိမ့်တပတ်နဲ့ ခံလိုက်ရတဲ့ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတွေက အများကြီးရှိတယ်၊ အဲဒီတော့ နှစ်ပေါင်းများစွာ အရှုံးပေါ်ရင်းကနေ ဒီနေ့ တောင်သူတွေဟာ အကြွေးပင်လယ် ဝေနေတယ်ပေါ့နော်” ဟု ဝန်ကြီးက ပြောကြားသည်။