အမ်း-မင်းဘူး ကားလမ်းတွင် ဆီဘောက်ဆာယာဉ် တစ်စီး တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး ယာဉ်နောက်လိုက် တစ်ဦးဒဏ်ရာရ

အမ်း-မင်းဘူး ကားလမ်းတွင် ဆီဘောက်ဆာယာဉ် တစ်စီး တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး ယာဉ်နောက်လိုက် တစ်ဦးဒဏ်ရာရ
Published 24 May 2018

Photo: Rakhine Fire Force

အမ်း-မင်းဘူး ကားလမ်း မိုင်တိုင်အမှတ် ၇၃ မိုင်၂ ဖာလုံအနီးတွင် ဆီဘောက်ဆာ ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ယာဉ်နောက်လိုက် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၄ ရက်နေ့ ယနေ့ နံနက် ၆ နာရီခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် အမ်း-မင်းဘူး ကားလမ်း မိုင်တိုင်အမှတ် ၇၃ မိုင်၂ ဖာလုံ အနီးတွင် မောင်းနှင်းလာသော ၁၂ ဘီးယာဉ် ဆီဘောက်ဆာ ကားတစ်စီးသည် တောင်အဆင်း (ဂ-ငယ်ကွေ့)တွင် ဘရိတ်ပေါက်ကာ လမ်းပေါ်တွင် ကန့်လန့်အနေအထားဖြင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း၏ ဇနီးဖြစ်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး ယာဉ်နောက်လိုက်မှာ ဒဏ်ရာရရှိကာ ပြည့်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ယာဉ်မောင်းအား အမ်းမြို့နယ် ရဲခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်နေကြောင်း သတင်းရရှိပြီးနောက် အမ်းမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးအောင်သန်းဋ္ဌေး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

"ဖြစ်တာက မနက် ၆ နာရီမှာပါ ။ကျနော်တို့ သတင်းရတာက မနက် ၇ နာရီပါ။ ကားပေါ်မှာက သုံးယောက်ပဲပါတယ်။ ဒရိုင်ဘာရယ် ။ သေသွားတဲ့ အမျိုးသမီးရယ် ။ ယာဉ်နောက်လိုက်ရယ် ။ ယာဉ်နောက်လိုက်တော့ သိပ်စိုးရိမ်စရာ မရှိပါဘူး။ "ဟု အမ်းမြို့နယ် မီးသတ်ဦးစီးအရာရှိကပြောသည်။