လင်မယားချင်း စကားများရန်ဖြစ်ရာ ဇနီးဖြစ်သူက ယောကျ်ားအား ဓားဖြင့်ထိုးသတ်မှု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွား

လင်မယားချင်း စကားများရန်ဖြစ်ရာ ဇနီးဖြစ်သူက ယောကျ်ားအား ဓားဖြင့်ထိုးသတ်မှု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွား
Published 20 May 2018

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာ ဇနီးဖြစ်သူက ယောကျ်ားအား ဓားဖြင့်ထိုးသတ်မှု မေ ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ မေ ၁၉ ရက် နံနက် ၁၂ နာရီခွဲတွင် သေဆုံးသူ ဦး....(၅၀ နှစ်) ၏ သားဖြစ်သူမှာ ရန်ကုန်မြို့တွင်း အလုပ်သွားရောက်လုပ်ကိုင်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃) ရပ်ကွက်၊ မေယုလမ်းသွယ်ရှိ နေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ နေအိမ်လမ်းထိပ်အရောက်တွင် ဖခင်ဖြစ်သူမှာ ဓားထိုးခံရ၍ သေဆုံးသွားကြောင်း သိရှိရသဖြင့် နေအိမ်သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နေအိမ်သို့အရောက်တွင် ဖခင်ဖြစ်သူမှာ နေအိမ်ရှေ့ခန်းတွင် ပက်လက်အနေအထားဖြင့် ဝဲဘက်နို့အုံအောက်နံဘေးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အား စုံစမ်းရာ ဖခင်ဖြစ်သူမှာ အရက်သေစာသောက်စားပြီး နေအိမ်သို့ပြန်ရောက်စဉ် ထမင်းစားရန်အတွက် မိခင်ဖြစ်သူအား ထမင်းခူးခိုင်းရာမှ စကားများရန်ဖြစ်၍ လုံးထွေးသတ်ပုတ်ခဲ့ကြောင်း၊ ထိုအချိန်တွင် မိခင်ဖြစ်သူက မီးဖိုချောင်သုံးကြက်သွန်လှီးဓားဖြင့် ဖခင်ဖြစ်သူအား ထိုးလိုက်ရာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“ယောကျ်ားက အရက်မူးလာပြီး သူ့မိန်းမကို ထမင်းခူးခိုင်းရာကနေ စကားများကြတာ။ မိန်းမက အရိုးအသွား ခုနစ်လက်မ ကြက်သွန်လှီးဓားနဲ့ ထိုးသတ်လိုက်တယ်။ မိန်းမက အသက် ၄၄ နှစ်ပါ။ သူကိုတော့ စခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။ သက်သေခံဓားလည်း သိမ်းဆည်းရမိပါတယ်” ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်ကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက (ပ) ၃၇၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent